နိုင်ငံတကာအာကာသစခန်းကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲမှုကို ရုရှားက ပယ်ချခဲ့ပါတယ်

ရုရှားနိုင်ငံက ၎င်းရဲ့ ဂြိုဟ်တုတစ်ခုကို အာကာသတွင်း ဒုံးကျည်စမ်းသပ်ရာမှာ ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဝန်ခံပြောကြားခဲ့ပြီး ထိုစမ်းသပ်မှုဟာ နိုင်ငံတကာအာကာသစခန်းကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း အမေရိကန်ရဲ့ စွပ်စွဲမှုကို ပယ်ချခဲ့ပါတယ်။

ရုရှားရဲ့လုပ်ရပ်ဟာ အန္တရာယ်ရှိပြီး တာဝန်မဲ့ကြောင်းနဲ့ ၎င်းတို့ ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဂြိုဟ်တုအပျက်အစီးတွေကြောင့် နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) မှ အာကာသယာဥ်မှူးတွေ ဘေးလွတ်ရာသို့ ‌ရွှေ့ပြောင်းခဲ့ရကြောင်း အမေရိကန်တာဝန်ရှိသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။



(နိုင်ငံတကာအာကာသစခန်းမြင်ကွင်း) (Photo: NASA via AFP)

ရုရှားနိုင်ငံက ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်ခဲ့မှုဟာ အာကာသတွင်း လေဆာလက်နက်မှ ဂြိုဟ်တပိုင်ဆိုင်မှုအထိ လက်နက်ပြိုင်ဆိုင်မှု မြင့်တက်လာမယ့်အရေး စိုးရိမ်မှုတွေကို ပိုမိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ဒုံးကျည်စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး ၁၉၈၂ ခုနှစ်ကတည်းက အာကာသအတွင်းသို့ လွှတ်တင်ထားခဲ့တဲ့ နိုင်ငံပိုင် 'Tselina-D' ဂြိုဟ်တုကို ဖျက်ဆီးခဲ့ကြောင်း" ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုံးကျည်ပစ်လွှတ်စမ်းသပ်ရာမှာ ပစ်မှတ်ကို တိကျစွာ ထိမှန်နိုင်တဲ့ စနစ်သစ်တစ်ခုကို အသုံးပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က နောက်ပိုင်းမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။ ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဂြိုဟ်တုအပျက်အစီးတွေက အာကာသတွင်း လှုပ်ရှားမှုတွေကို မည်သည့်အန္တရာယ်မျှ မဖြစ်စေကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

အမေရိကန်တာဝန်ရှိသူတွေရဲ့ ပြောဆိုမှုအရ ရုရှားဟာ ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်မှုကို ကြိုတင်အကြောင်းကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။ ရုရှားက ဂြိုဟ်တုကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးမှုကြောင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း အပိုင်းအစ ၁,၅၀၀ ကျော် ရှိလာခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။

ယခုဖြစ်ရပ်ဟာ မြေပြင်ကနေ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်က အာကာသအတွင်းရှိနေတဲ့ ဂြိုဟ်တုကို ထိမှန်ခဲ့တဲ့ စတုတ္တမြောက် ဖြစ်ရပ်လို့ဆိုပါတယ်။ ရုရှားရဲ့ ဂြိုဟ်တုဖျက်ဒုံးကျည် စမ်းသပ်မှုအပေါ် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ NATO အဖွဲ့က စိုးရိမ်မှုရှိကြောင်း ထုတ်ပြောခဲ့ကြပါတယ်။

Share

Loading Next Article...
က္က