အရင်တစ်ခေါက်ကလည်း လူ ၁၀၀၀ ကို ယန်း ၁ သန်းစီ လှူခဲ့ပါတယ်

နာမည်ကျော်ဂျပန်ဖက်ရှင်သူဌေးကြီးဟာ သူရဲ့ ၁၂ ရက်ကြာ နိုင်ငံတကာအာကာသစခန်းဆီ သွားမယ့် ခရီးစဉ်အတွင်းမှာ အာကာသထဲကနေ ပိုက်ဆံစွန့်ကြဲမှု လုပ်သွားမယ်လို့ ဆိုပါတယ်။ 

ဂျပန်ဘီလျံနာ ယူဆာကူ မာအီဇဝါဟာ အာကာခရီးထွက်ဖို့ စိတ်အားထက်သန်သူနဲ့ အနုပညာပစ္စည်းစုဆောင်းရ ဝါသနာကြီးသူအဖြစ် လူသိများကြပါတယ်။ Bloomberg သတင်းမှာတော့ မာအီဇာဝါဟာဟာ နိုင်ငံတကာ အာကာသစခန်း ISS ကို ခရီးထွက်ချိန်မှာ ပိုက်ဆံစွန့်ကြဲလှူဒါန်းဖို့ အစီအစဉ်တစ်ခု လုပ်ထားပြီး ဒီအစီအစဉ်မှာ ပါဝင်သူတိုင်းဟာ ဆုကြေးငွေတချို့တစ်ဝက်ကို ခံစားခွင့်ရမယ်လို့ ဆိုပါတယ်။ 



Photo: Reuters


၂၀၁၉ခုနှစ်ကလည်း သူ့ Twitter အကောင့်ကို Follow လုပ်ထားပြီး သူရဲ့ Tweet ကို Retweet လုပ်သူ ၁၀၀၀ ကို ကျပန်းရွေးပြီး တစ်ဦးကို ယန်း ၁ သန်း (မြန်မာငွေ ၁၅၅ သိန်းကျော်) စီ ပေးခဲ့ပါတယ်။ ယန်း၁ သန်း လှူတဲ့ ဒီအစီအစဉ်ကနေ အနိုင်ရသူတွေကို ဘဏ်ငွေလွှဲတွေကနေ ငွေထုတ်ပေးနေပြီလို့ လည်း ဆိုပါတယ်။ အခုတစ်ခေါက်မှာ ဘယ်လောက်လှူဒါန်းသွားမလဲတော့ မသိရသေးပါဘူး။ မာအီဇာဝါရဲ့ ပိုက်ဆံစွန့်ကြဲတဲ့အစီအစဉ်မှာ ပါဝင်ချင်သူတွေဟာ သူ့ရဲ့ ပရဟိတအလှူလုပ်တဲ့အကြောင်းတွေ ဖော်ပြနေတဲ့ App ကနေ Sign Up လုပ်ရမှာ ဖြစ်ပါတယ်။ 

Zozotown အွန်လိုင်းလက်လီဖက်ရှင်လုပ်ငန်း တည်ထောင်သူ ယူဆာကူ မာအီဇာဝါဟာ Bloomberg Billionaire အညွှန်းအရ ဒေါ်လာ ၃.၄ ဘီလျံခန့် ချမ်းသာပြီး ၂၀၁၉ ခုနှစ်မှာ SoftBank ကို Zozo စီးပွားရေးလုပ်ငန်း ရောင်းချခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် မာအီဇာဝါဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ISS ကို ပထမဆုံး အလည်အပတ်သွားခွင့်ရတဲ့ အာကာသခရီးသွားတစ်ဦး ဖြစ်လာပါတယ်။ 

Photo: trendfool


ဒီဇင်ဘာ ၈ ရက်နေ့မှာ သူဟာ ကာဇက်စတန်နိုင်ငံ Baikonur Cosmodrome အာကာသယာဉ်စခန်းကနေ Soyuz အာကာသယာဉ်နဲ့ ပျံသန်းခဲ့ပြီး အခုဆို နိုင်ငံတကာအာကာသစခန်းကို ရောက်ရှိပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ကမ္ဘာပေါ်ကို ပြန်ဆင်းသက်လာမယ့် သူ့ရဲ့ ခရီးစဉ်အတွက် သူနဲ့အတူ သူ့လက်ထောက် ယိုဇို ဟီရာနို နဲ့ ရုရှားအာကာသယာဉ်မှူး အလက်ဇန်ဒါး မီဆာကင်းတို့ဟာ ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက မော်စကိုအပြင်ဘက် အာကာသစင်တာအတွင်းမှာ Training ဆင်းခဲ့ကြပါတယ်။

"ကျောင်းခရီးစဉ်အတွက် စောင့်နေရတဲ့ ကလေးတစ်ယောက်လို ခံစားရပါတယ်။ နောက်ဆုံးတော့ ကျွန်တော့်အိပ်မက် တကယ်ဖြစ်လာပါပြီ" လို့ မာအီဇာဝါက အာကာသထဲ မသွားခင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ISS ခရီးစဉ်ဟာ သူ့အတွက် ဒေါ်လာ ၈၈ သန်းတန် ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။ မာအီဇာဝါဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ အီလွန်မတ်စ်ရဲ့ SpaceX ယာဉ်နဲ့အတူ လပေါ် ခရီးထွက်မယ်လို့လည်း ၂၀၁၈ ခုနှစ်ထဲမှာ ကြေညာထားပါတယ်။ 

Share

Loading Next Article...
က္က