ရုရှားနိုင်ငံက ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် နိုင်ငံတကာအာကာသစခန်းသို့ အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်ပြီး ကွဲပြားခြားနားတဲ့ အာကာသပြိုင်ပွဲမှာ ဦးဆောင်လိုက်ပါတယ်။
အာကာသစခန်းမှာ ရိုက်ကူးမယ့်ရုပ်ရှင်မှာ အသက် ၃၇ နှစ်အရွယ် ရုရှားမင်းသမီး Yulia Peresild က ပါဝင်သရုပ်ဆောင်ပြီး ဒါရိုက်တာ Klim Shipenko က ရိုက်ကူးတာဖြစ်ပါတယ်။ ရုရှား ရုပ်ရှင်အဖွဲ့ဟာ ကာဇက်စတန်ရှိ Baikonur အာကာသခရီးစဥ် လွှတ်တင်ရေးစခန်းကနေ Soyuz MS-19 အာကာသယာဥ်ဖြင့် ယမန်နေ့ (အောက်တိုဘာ ၅ ရက်) ထွက်ခွာသွားခဲ့ကြပြီးနောက် သုံးနာရီအကြာမှာ နိုင်ငံတကာအာကာသစခန်း (International Space Station - ISS) သို့ ရောက်ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
(ရုရှားအဖွဲ့ရဲ့ အာကာသခရီး) (Photo: Ramil Sitdikov / Sputnik)
အမေရိကန် ရုပ်ရှင်မင်းသား တွမ်ခရုဇ်နဲ့ NASA အာကာသအေဂျင်စီတို့ကလည်း အာကာသစခန်းမှာ ရုပ်ရှင်ရိုက်ကူးရန် စီစဥ်နေခဲ့ကြပါတယ်။ ဟောလိဝုဒ် စတူဒီယိုတွေထဲမှာ မဟုတ်ဘဲ အာကာသထဲကို တစ်ကယ့်သရုပ်ဆောင်တွေ သွားရောက်ခဲ့ကြတာလို့ ရုရှားဝက်ဘ်ဆိုက် Komsomolskaya Pravda က ပြောခဲ့ပါတယ်။
အာကာသထဲမှာ ရုပ်ရှင်ရိုက်ကူးမယ့် ဒါရိုက်တာ Klipenko ဟာ အာကာသခရီးစဥ် မတိုင်မီ ကိုယ်အလေးချိန် ၃၃ ပေါင်အထိ လျှော့ချခဲ့ရကြောင်း ၎င်းရဲ့ဇနီး မင်းသမီး Sofia Karpunina က ဆိုပါတယ်။ ရုပ်ရှင်အဖွဲ့ရဲ့ အာကာသခရီးစဥ်ဟာ စီစဥ်ထားတဲ့အတိုင်း မော်စကိုစံတော်ချိန် ယမန်နေ့ မနက် ၁၁ နာရီ ၅၅ မိနစ်မှာ ISS ကို ရောက်ရှိခဲ့တယ်လို့ ခရီးစဥ်ကို ဦးဆောင်ခဲ့သူ အာကာသယာဥ်မှူး Anton Shkaplerov က ပြောပါတယ်။
(အာကာသယာဥ်မှူး၊ ဒါရိုက်တာနှင့် မင်းသမီး) (Photo: NASA)
အဖွဲ့သားတွေ အခြေအနေကောင်းမွန်ကြောင်း Anton Shkaplerov က အာကာသခရီးစဥ် ထွက်ခွာပြီးနောက် မကြာမီမှာ ၎င်းကဆိုပါတယ်။ ရုရှားအာကာသယာဥ်ဟာ ISS သို့ ချဥ်းကပ်စဥ် ၎င်းရဲ့ Kurs အလိုအလျောက် ချိတ်ဆက်ဆိုက်ကပ်မှုစနစ် အလုပ်မလုပ်တာကြောင့် အာကာသယာဥ်မှူး Anton Shkaplero က ကိုယ်တိုင် ထိန်းချုပ်ချိတ်ဆက်ခဲ့ပါတယ်။
ပုံမှန်အားဖြင့် အာကာသယာဥ်မှူးဟာ ပျံသန်းမှုဆိုင်ရာ အင်ဂျင်နီယာတစ်ဦးရဲ့ အကူအညီ ရရှိခဲ့လေ့ရှိပေမဲ့ ယခု အာကာသခရီးစဥ်မှာတော့ အတူလိုက်ပါလာသူတွေက ပျံသန်းမှုဆိုင်ရာ အာကာသယာဥ်မှူးကို ကူညီပေးနိုင်သူတွေ မဟုတ်ခဲ့ကြပါဘူး။ သို့သော် နောက်ဆုံးမှာတော့ အာကာသယာဥ်မှူးက Soyuz အာကာသယာဥ်ကို ISS နဲ့ အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့ပြီး ရုရှားနိုင်ငံရဲ့ အခန်းထဲသို့ အားလုံးရောက်ရှိခဲ့ကြပါတယ်။
ယခုခရီးစဥ်မှာ အာကာသယာဥ်မှူးက ISS မှာ ဆက်နေခဲ့မှာဖြစ်ပြီး ဒါရိုက်တာ Klipenko နဲ့ မင်းသမီး Peresild တို့ကတော့ အာကာသထဲမှ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ၁၂ ရက်ကြာ ရိုက်ကူးရေးလုပ်ဆောင်သွားကြမယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားထဲမှာ မင်းသမီး Peresild က အာကာသယာဥ်မှူးတစ်ဦးကို ကယ်တင်ရန် အာကာသအတွင်းသို့ စေလွှတ်ခံရတဲ့ နှလုံးခွဲစိတ်ဆရာဝန်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ISS မှာ ရောက်ရှိနေပြီးသား ရုရှားအာကာသယာဥ်မှူးနှစ်ဦးဖြစ်တဲ့ Oleg Novitsky နဲ့ Pyotr Dubrov တို့ကလည်း ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ကြမယ်လို့ သိရပါတယ်။
Ref: NASA, BBC, RT