ကမ္ဘာတစ်ဝှမ်းရှိ တယ်လီစကုပ် ၈ ခုဖြင့် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။

နက္ခတ္တဗေဒပညာရှင်တွေက အာကာသတွင်းနက်တစ်ခုရဲ့ ပထမဆုံးဓာတ်ပုံကို ဧပြီ ၁၀ ရက်မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။ အာကာသတွင်းနက်ရဲ့ ပထမဆုံးဓာတ်ပုံကို Event Horizon Telescope (EHT) စီမံကိန်းအဖွဲ့က ထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။

(Photo: EHT/Twitter)

EHT က ထုတ်ဖော်ပြသတဲ့ ဓာတ်ပုံအရ အနက်ရောင်ဗဟိုချက်နေရာကို လိမ္မော်ရောင်မီးတောက်စက်ဝန်းက ဝိုင်းပတ်ထားတဲ့ အာကာသတွင်းနက်ရဲ့ ပုံရိပ်ကိုမြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်အတွင်း သရုပ်ဖော်ပန်းချီဆရာ အများအပြားက စိတ်ကူးပုံဖော်ခဲ့ကြတဲ့ အာကာသတွင်းနက် (blak hole) တစ်ခုရဲ့ အမှန်တစ်ကယ် ပုံရိပ်ကို ပထမဆုံးအကြိမ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။



အာကာသတွင်းနက်တွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေကြားမှာ ၁၈ ရာစုကတည်းက ပဟေဠိဖြစ်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ သို့သော် အာကာသတွင်းနက်တစ်ခုုကို တယ်လီစကုပ်ဖြင့် တွေ့မြင်ခဲ့ရမှု ယခင်က လုံးဝ မရှိခဲ့ဖူးဘဲ ဓာတ်ပုံရိုက် ပြသနိုင်ခဲ့ခြင်းလည်း မရှိခဲ့ပါဘူး။

အာကာသတွင်းနက်ပုံကို ဓာတ်ပုံရိုက်နိုင်ရန် ကမ္ဘာတစ်ဝှမ်းရှိ တယ်လီစကုပ် ၈ ခုဖြင့် ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတွေ့ရှိရတဲ့ အာကာသတွင်းနက်ဟာ နေထက် ထုထည်ပမာဏ အဆပေါင်း ၆.၅ ဘီလီယံ ပိုမိုကြီးမားပါတယ်။ အဆိုပါ အာကာသတွင်းနက်ဟာ M87 လို့ခေါ်ဝေါ်ကြတဲ့ နဂါးငွေ့တန်းအတွင်း ကမ္ဘာမြေမှ အလင်းနှစ် သန်း ၅၀ အကွာမှာရှိတယ်လို့လည်း သိရပါတယ်။

"ဒါက တယ်လီစကုပ်ကနေ မြင်နိုင်တယ်ဆိုရုံမျှ အကွာအဝေးတစ်ခုပါ" လို့ ပြင်သစ်နိုင်ငံ National Centre for Scientific Research (CNRS) မှ နက္ခတ္တဗေဒပညာရှင်နဲ့ ယခု အာကာသတွင်းနက် တွေ့ရှိမှုမှတ်တမ်းကို ပူးတွဲ မှတ်တမ်းတင်ရေသားသူ Frederic Gueth က AFP သတင်းဌာနကို ပြောပါတယ်။

(Photo: Jason Gallicchio)

အာကာသတွင်းနက် တွေ့ရှိမှတ်တမ်းတင်နိုင်ခဲ့မှု အသေးစိတ်ကို Astrophysical Journal Letters နက္ခတ္တဗေဒဆိုင်ရာ ဂျာနယ်မှာ ဧပြီ ၁၀ ရက်နေ့က ရေးသားဖော်ပြခဲ့ပါတယ်။ အာကာသတွင်းနက်ကို တွေ့ရှိခဲ့ပြီး ဓာတ်ပုံရိုက်ကူးနိုင်ခဲ့မှုအား ဝါရှင်တန်၊ ဘရပ်ဆဲလ်၊ စန်တီယေဂို၊ ရှန်ဟိုင်း၊ တိုင်ပေနဲ့ တိုကျိုမြို့တို့မှာ တစ်ပြိုက်နက်ပြုလုပ်ခဲ့တဲ့ Eurpean Comission, European Research Council နဲ့ EHT စီမံကိန်း အသေးစိတ်တွေ့ရှိမှုများ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ကြောင်းလည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က