အာကာသသိပ္ပံပညာရပ်ကိုစိတ်ဝင်စားတဲ့ လူငယ်တွေကို အစိုးရက ထောက်ပံ့ပေးသင့်တယ်လို့ NASA မှာတာဝန်ထမ်းဆောင်နေတဲ့ မြန်မာလူမျိုးသိပ္ပံပညာရှင် ဒေါက်တာပဒေသာတင်က ဇန်နဝါရီလ ၁၁ ရက် က Strategy First မှာ ပြုလုပ်တဲ့ အာကာသအကြောင်း ဟောပြောပွဲမှာ အခုလို အကြုံပြုပြောကြားခဲ့ပါတယ်။
နိုင်ငံံတကာမှာ အာကာသသိပ္ပံပညာရပ်ကို အမျိုးသားစီမံကိန်းမှာ ထည့်သွင်းပြီး သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေသလို မြန်မာနိုင်ငံမှာလည်း အာကာသသိပ္ပံပညာရပ်ကို စိတ်ဝင်စားတဲ့လူငယ်တွေကို အစိုးရက ပံပိုးမှုတွေပေးသင့်သလို ပညာရေးအသုံးစရိတ်တွေလည်း မြှင့်ပေးဖို့ လိုအပ်နေတယ်လို့ ဒေါက်တာပဒေသာတင်က အကြံပြုပြောဆိုပါတယ်။
“နိုင်ငံတော်တော်များများမှာ အာကာသပညာရပ်ကို စိတ်ဝင်စားတဲ့သူတွေကို ကူညီထောက်ပံ့မှုတွေရှိတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နိုင်ငံတော်ရဲ့ ထောက်ပံ့ပေးဖို့လိုအပ်တယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကလည်း ထောက်ပံ့ပေးမယ်။ ပညာရေးအသုံးစရိတ်တွေမြှင့်တင်ပေးဖို့တွေ လိုအပ်ပါတယ်” လို့ ဒေါက်တာပဒေသာတင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာကာသသိပ္ပံပညာရပ်ကို စိတ်ဝင်စားတဲ့သူ များပြားလာတာနဲ့ အမျှ လေ့လာလိုသူတွေအတွက် အခွင့်အရေးဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာပဒေသာတင်က ဆိုပါတယ်။
“ သိချင်တတ်ချင်တဲ့သူများလာတဲ့အခါ အာကာသပညာရပ်ကိုစိတ်ဝင်စားလို့ ဖွဲ့စည်းထားတဲ့ အဖွဲ့တွေ ကိုထောက်ပံ့မှုတွေလုပ်ပေးရမယ်။ တစ်ချိန်ကျရင် တိုင်းပြည်က လိုအပ်တဲ့ နည်းပညာတွေ ရလာမယ်။ တစ်ကမ္ဘာလုံးက လုပ်နေတဲ့ သုတေသနလုပ်ငန်းတွေကို ပြိုင်တူလုပ်ခွင့်ရလာမယ်။” လို့ ဒေါက်တာပဒေသာတင်က ပြောပါတယ်။
သိပွံပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေ ဖွဲ့စည်းထားတဲ့ MASES အဖွဲ့က ဦးစီးပြီး အမေရိကန်အာကာသအေဂျင်စီ (NASA) မှ Senior Scientis အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဒေါက်တာပဒေသတာတင်မှ ဟောပြောဆွေးနွေးပွဲတစ်ခုကို ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်က မြေနီကုန်း City Mart အနီးက Strategy First သင်တန်းကျောင်းမှာ ပြုလုပ်ခဲ့ရာ စိတ်ဝင်စားတဲ့လူငယ်အများစု တက်ရာက်ခဲ့ကြပါတယ်။