မြက်ခင်းပြင်ပေါ် နေ့စဥ် နာရီအတန်ကြာ လွှတ်ပေးထားလိုက်ချိန်မှာတော့ အရေးပါတဲ့တာဝန်ကို လုပ်ဆောင်ကြပါတယ်

အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အားကစားကွင်းဖြစ်လာမယ့် အားကစားကွင်းကြီးထဲက မြက်ခင်းပြင်ကို ထိန်းသိမ်းရန် အရေးပါတဲ့ တာဝန်တစ်ရပ်ကို ပါဝင်ဆောင်ရွက်နေကြတာက ခြေတံရှည် ခေါင်းဖြူငှက်ကျား ၅ ကောင်ပဲဖြစ်ပါတယ်။

ကမ်းရိုးတန်းအနီး စိုစွတ်တဲ့မြေမှာ ကျက်စားလေ့ရှိကြတဲ့ ပန်းရောင်ခြေတံရှည်နဲ့ ထိုငှက်ကျားတွေကို လှောင်အိမ်ထဲမှာ ထည့်ထားလေ့ရှိပါတယ်။ သူတို့ကို အားကစားကွင်း မြက်ခင်းပြင်ပေါ် နေ့စဥ် နာရီအတန်ကြာ လွှတ်ပေးထားလိုက်ချိန်မှာတော့ အားကစားကွင်းအတွက် အရေးပါတဲ့တာဝန်ကို လုပ်ဆောင်ကြပါတယ်။



ဂျကာတာ နိုင်ငံတကာအားကစားကွင်းရဲ့ အဓိက ကစားကွင်းနေရာကို တည်ဆောက်နေဆဲဖြစ်ပေမဲ့ လေ့ကျင့်ရေးကွင်း နှစ်ခုအနက်မှ တစ်ခုကို အပြီးသတ် အကောင်အထည်ဖော်ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ခြေတံရှည် ငှက်ကျား ၅ ကောင်ဟာ လေ့ကျင့်ရေးကွင်းရဲ့ မြက်ခင်းပြင်မှာ အင်းဆက်ပိုးမွှားများ ရှာဖွေနှိမ်နင်းခြင်းဖြင့် နေ့စဥ် အလုပ်များနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဂျကာတာမြောက်ပိုင်းရှိ လေ့ကျင့်ရေးကွင်းမှာ မြက်ခင်းအစစ် ၉၅ ရာခိုင်နှုန်းနဲ့ မြက်ခင်းအတု ၅ ရာခိုင်နှုန်း ပေါင်းစပ်အသုံးပြုထားပါတယ်။ အားကစားကွင်း စီမံခန့်ခွဲမှုအဖွဲ့က ထိုမြက်ခင်းပေါ်မှာ ပိုးသတ်ဆေးသုံးပြီး ပိုးမွှားနှိမ်နင်းရန် တွန့်ဆုတ်ခဲ့ကြပါတယ်။

"ကျွန်တော်တို့ရဲ့ ဒီစီမံကိန်းမှာ ထူးခြားမှုတချို့ရှိပါတယ်၊ ဘာလဲဆိုတော့ ငှက်တွေရဲ့ စူးရှတဲ့မျက်လုံးတွေကိုသုံးပြီး သူတို့ရဲ့ တိရိစ္ဆာန်ဗီဇအရ မြက်ခင်းထဲမှာ အင်းဆက်ပိုးမွှားတွေကို ရှာဖွေနှိမ်နင်းစေတာ ဖြစ်ပါတယ်၊ ဒီအင်းဆက်ပိုးမွှားတွေကို လူတွေရဲ့မျက်လုံးနဲ့ မမြင်နိုင်ပါဘူး" လို့ အားကစားကွင်းကြီးကို တာဝန်ယူတည်ဆောက်နေတဲ့ Jakarta Propertindo (Jakpro လို့လည်း ခေါ်ဝေါ်ကြ) မှ ဆောက်လုပ်ရေးမန်နေဂျာ Muhammad Rizky Fauzi က ပြောပါတယ်။

"ဒါကြောင့် ဂျာဗားအလယ်ပိုင်း ဘိုယိုလာလီနယ်ဘက်မှ ‌ခြေတံရှည်ငှက်ကျားတွေကို အသုံးပြုခဲ့တာပါ၊ သူတို့က အင်းဆက်ပိုးမွှားတွေကို စားနိုင်ပြီး ပိုးသတ်ဆေးသုံးဖို့ မလိုဘဲ မြက်တွေပွားများမှုကို ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ပါတယ်" လို့ ၎င်းက ရှင်းပြပါတယ်။ ခြေတံရှည် ငှက်ကျားတွေကို မနက်တိုင်း ၁၁.၂၂ စတုရန်းကီလိုမီတာ (11.22 sq km) အကျယ်အဝန်းရှိတဲ့ လေ့ကျင့်ရေးကွင်း မြက်ခင်းပြင်ပေါ်မှာ တိရိစ္ဆာန်ထိန်းသိမ်းရေးသမားအချို့နဲ့တူ ၄ နာရီခန့်ကြာ လွှတ်ပေးထားလေ့ရှိပါတယ်။

ငှက်ကျားတွေဟာ ၎င်းတို့ရဲ့ သဘာဝအရ အမြင့်မပျံနိုင်ဘူးလို့ Fauzi က ဆိုပါတယ်။ ငှက်တွေကို မြင်းခင်းပေါ်မှာ လွှတ်ထားပေးစဥ် ထွက်ပြေးပြီး လွတ်မသွားစေရန် တိရိစ္ဆာန်ထိန်းသိမ်းရေးသမားတွေက တာဝန်ယူစောင့်ကြပ်တယ်လို့ ဆိုပါတယ်။ အဓိက ကစားကွင်းနေရာ အကောင်အထည်ဖော်ပြီးပါက ပိုမိုကြီးမားတဲ့ ကစားကွင်း မြက်ခင်းပြင်ကို ထိန်းသိမ်းရန် ခြေတံရှည် ငှက်ကျား အကောင် ၃၀ အထိ ထားရှိသွားရန် Jakpro က ရည်မှန်းထားပါတယ်။

ငှက်တွေကို ဘိုယိုလာလီနယ်ကနေပဲ ခေါ်ယူသွားရန်လည်း စီစဥ်ထားပါတယ်။ အဖြူနဲ့အနက်ကျား အရောင်ရှိတဲ့ ခြေတံရှည် ငှက်ကျားတွေဟာ ကမ်းရိုးတန်းမှာ ကျက်စားလေ့ရှိတဲ့ ငှက်မျိုးဖြစ်ပြီး စိုစွတ်တဲ့မြေများ၊ ကမ်းရိုးတန်းရေအိုင်များ၊ ရွှံ့နွံထူတဲ့မြေများနဲ့ စိမ့်မြေ မြက်ခင်းပြင်များမှာ တွေ့ရလေ့ရှိပါတယ်။ အားကစားကွင်း မြက်ခင်းပြင်ကို ထိန်းသိမ်းရာမှာ ငှက်ကျားတွေကိုသာ အသုံးပြုနေခြင်း မဟုတ်ကြောင်းလည်း Fauzi က ပြောပါတယ်။ လူတွေနဲ့ စက်တွေကလည်း မြက်ခင်းပြင် ထိန်းသိမ်းရေးမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

မြက်ခင်းပြင်ကို နေ့စဥ် အကြိမ်အနည်းငယ် ရေဖြန်းပြီး တစ်ပတ်လျှင် နှစ်ကြိမ် မြက်ရိတ်တယ်လို့ သိရပါတယ်။ ထို့အတူ ဓာတ်မြေဩဇာကို လစဥ် ထည့်ပေးကြောင်းလည်း Fauzi က ရှင်းပြပါတယ်။ အင်ဒိုနီးရှားရဲ့ အကြီးဆုံး အားကစားကွင်းကြီးမှာ အရေးပါတဲ့ မြက်ခင်းပြင် ထိန်းသိမ်းရေးတာဝန်ယူထားတဲ့ ငှက်တွေကို နာမည်မပေးရသေးဘဲ ကွင်းတည်ဆောက်မှုပြီးစီးပါက ငှက်တွေအတွက် နာမည်ရွေးပြိုင်ပွဲတစ်ရပ် ပြုလုပ်သွားဖွယ်ရှိတယ်လို့ ၎င်းကဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က