ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင်တိုက်စစ်မှူးဟောင်းကြီး ခရစ္စဆပ်တန်က မန်စီးတီးအနေနဲ့ တနင်္ဂနွေနေ့မှာသာ အာဆင်နယ်ကို ရှုံးနိမ့်သွားခဲ့ရင် ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ ဆင်းပေးလိုက်ရမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မန်စီးတီးဟာ အာဆင်နယ်ကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံကစားရမှာပါ။
လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်က လီဗာပူးနဲ့ အမှတ်တူအနေအထားနဲ့ ဦးဆောင်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ မန်စီးတီးက အဆင့် (၃) နေရာကနေ အာဆင်နယ်၊ လီဗာပူးတို့နဲ့ (၁) မှတ်အကွာ အနေအထားကနေ လိုက်လံဖိအားပေးလျက်ရှိနေတာဖြစ်ပါတယ်။
အဲ့ဒါကြောင့် ဒီတစ်ပတ် ထိပ်တိုက်တွေ့ဆုံမယ့် မန်စီးတီးနဲ့ အာဆင်နယ်ပွဲက ဒီရာသီ ချန်ပီယံဆုအဆုံံးအဖြတ်အတွက် အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်လာနိုင်ပါတယ်။ ဒီပွဲနဲ့ပတ်သက်လို့လည်း ခရစ္စဆပ်တန်က “မန််စီးတီးရဲ့ ဒီရာသီ ထိပ်တန်း (၅) သင်းနဲ့ တွေ့ဆုံထားတဲ့ မှတ်တမ်းအရ လက်ရှိအခိုက်အတန့်မှာ သူတို့အတွက် (၃) မှတ်ပဲ ရပါသေးတယ်”
“အာဆင်နယ်ကို ကြည့်လိုက်ပါဦး။ သူတို့က (၈) မှတ်အထိ ရရှိထားပြီး လီဗာပူးက (၆) မှတ် ရထားပါတယ်။ ကျွန်တော် ဒါတွေကို စဉ်းစားနေဖို့ လိုအပ်မယ်လို့လည်း မထင်ပါဘူး။ မန်စီးတီးကွင်းမှာ အာဆင်နယ်ရဲ့ မှတ်တမ်းတွေက မကောင်းပါဘူး။ ဒါပေမယ့် သူတို့ အဝေးကွင်းမှာရော ဘာလို့ မလုပ်ပြနိုင်ရမှာလဲ”
“မန်စီးတီးရဲ့ အနေအထားကို မနှစ်ကနေ အခုထိ ကြည့်လိုက်ပါ။ သူတို့က အရင်လို အဆင့်အတန်းမျိုးမှာ မရှိတော့ပါဘူး။ တကယ်လို့ အာဆင်နယ်သာ နိုင်သွားခဲ့ရင် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ပါတယ်။ ဒီအချက်က မန်စီးတီးအပြင် လီဗာပူးကိုပါ ချန်ပီယံပြေးလမ်းကြောင်းပေါ်ကနေ သွေဖယ်သွားစေနိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။