အကောင်းဆုံးဂိုးသွင်းရှင်ဆုကို လက်ခံအပြီးမှာ ပြောဆိုခဲ့တာပါ။

ပေါ်တူဂီနဲ့အတူ နိုင်ငံတကာပွဲတွေ ပြန်လည်ကစားရတော့မယ့် အချိန်မှာပဲ အသင်းခေါင်းဆောင်ရော်နယ်ဒိုက သူတို့အားလုံးစုစည်းပြီး စံချိန်မှတ်တမ်းတွေ ချိုးဖျက်နိုင်ဖို့အတွက် ကြိုးစားသွားမယ်လို့ အသင်းဖော်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီကတော့ နေးရှင်းလိဂ်ပွဲတွေအဖြစ် လာမယ့်တနင်္ဂနွေနေ့မှာ ချက်၊ အဲဒီနောက် စပိန်တို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။ 

ဒီပွဲစဉ်တွေအတွက်လည်း အသင်းမှာ ရွေးချယ်ခံထားရတဲ့ ရော်နယ်ဒိုက အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီရာသီမှာ ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဂိုးရဖို့ ခက်ခဲနေတဲ့ ရော်နယ်ဒိုဟာ နိုင်ငံပွဲတွေမှာ ဂိုးသွင်းပြီး ယုံကြည်မှုပြန်လည်ရယူနိုင်ဖို့ အခွင့်အရေးတခုကို ရရှိထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်မှာလည်း နောက်ထပ်ဂိုးတွေ ထပ်ပေါင်းဖြည့်နိုင်မလား စိတ်ဝင်စားစရာပါ။ 

ရော်နယ်ဒိုက သူ့ရဲ့ လူမှုကွန်ယက်မှာ " ကျနော်ချစ်ရတဲ့ နိုင်ငံအတွက် အကောင်းဆုံးအမျိုးသားဂိုးသွင်းရှင်ဆုကို ဆွတ်ခူးနိုင်လို့ ဂုဏ်ယူမိပါတယ်၊ ဒီအတွက်လည်း အသင်းဖော်အားလုံးနဲ့ နည်းပြတွေ၊ ကျနော့်မိသားစု၊ ကျနော့်ပရိသတ်အားလုံးကို က​ျေးဇူးတင်ပါတယ်၊ ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေရအောင် သူတို့က ကူညီပေးခဲ့ကြတာပါ၊ တတ်နိုင်သမျှ နောက်ထပ်စံချိန်တွေကို အတူတကွချိုးဖျက်နိုင်ဖို့လည်း ဆက်လုပ်သွားရအောင်ပါ" လို့ ရေးသားပြောဆိုခဲ့ပါတယ်။ 

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ လာမယ့်ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးသောနိုင်ငံတကာပြိုင်ပွဲအဖြစ် ဝင်ရောက်ကစားသွားဖို့လည်းရှိနေပါတယ်။ ပေါ်တူဂီနဲ့အတူ ယူရိုဖလား၊ နေးရှင်းလိဂ်ဖလားတွေကို ဆွတ်ခူးထားတဲ့ ရော်နယ်ဒိုအတွက် ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ နောက်ဆုံးသောအခွင့်အရေးလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က