အသင်းဖော်တွေ သူ့ကို ဘယ်လောက်ထိ သဘောကျလဲဆိုတာ မနေ့က မြင်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ကတော့ ပရီးမီးယားလိဂ်မှာ ရွှေဖိနပ်ဆုဆွတ်ခူးနိုင်တဲ့ ပထမဆုံးအာရှသား၊ ထိပ်တန်းလိဂ် ၅ ခုမှာ ရွှေဖိနပ်ဆုဆွတ်ခူးတဲ့ ပထမဆုံးအာရှသားဖြစ်သွားပါပြီ။ နော်ဝှစ်ချ်နဲ့ပွဲမှာ ဆွန်ဟောင်မင် ဂိုးတွေသွင်းလိုက်ချိန်တိုင်း အသင်းဖော်တွေက သူ့ကို ဝမ်းသာအားရနဲ့ ပွေ့ဖက်ဂုဏ်ပြုပြီး ဆွန် အတွက် ပျော်ရွှင်နေတာကိုလည်း မြင်ခဲ့ရပါတယ်။ 

သူ့အတွက် ဒုတိယဂိုး၊ စပါးအတွက် ၅ ဂိုးမြောက်သွင်းပြီးချိန်မှာဆို ပိုသိသာပါတယ်။ မော်ရာ၊ ဘာဝိန်းနဲ့ ဟိုးဘာ့ဂျ်တို့က သူ့ဆီအရင်ဆုံးပြေးပြီးတော့ အောင်ပွဲခံခဲ့ကြပါတယ်။ ပြီးတော့ အတူတူအောင်ပွဲခံနေရင်းနဲ့ပဲ ဆွန်ကို ဝိုင်းမြှောက်ပြီး ရွှေဖိနပ်ဆုရမှာသေချာသွားတဲ့အတွက် ပရိသတ်တွေဘက်လှည့်ကာ ဂုဏ်ပြုခဲ့ကြပြန်ပါတယ်။ 



ဆွန်ဟောင်မင်က စပါးမှာ လူချစ်လူခင်ပေါများဟန်လည်းရှိပါတယ်။ အနေအထိုင်အေးဆေးပြီး အပိုစကားတွေမပြောတတ်တဲ့ သူ၊ လူပျိုကြီး၊ မာန်မာနမရှိဘဲ အမ​ြဲတမ်းပြုံးနေတတ်တဲ့ ဒီကစားသမားကို အားလုံးက ချစ်ခင်ကြတာ ဆန်းတော့မဆန်းပါဘူး။ နောက်တခု သတိထားမိသလောက်တော့ သူ့ကို အခြားကစားသမားတွေက မနာလိုဝန်တိုတာမျိုး မရှိသလောက်ကို မတွေ့ရတာပါ။ 

မကျေနပ်တာမျိုးလည်း စပါးပွဲတွေ ကြည့်မိသလောက် မတွေ့မိပါဘူး။ တခါတလေမှာ ဆွန်က သူ့ဆီ ဘောလုံးမပေးလို့ ကွင်းထဲ လှမ်းအော်နေရင်တောင်မှ စိတ်ဆိုးဟန်တောင်မပြခဲ့တာကို သတိထားမိတယ်။ ကိုယ်ကပဲ ဆွန်ဟောင်မင်ကို သဘောကျလို့ အကောင်းမြင်နေလားတော့ မပြောတတ်ပါဘူး။ ဒီတောင်ကိုရီးယားသားကို သူ့အသင်းဖော်တွေကပါ တော်တော်လေးကို သဘောကျတယ်လို့ပ​ဲ မြင်နေမိတယ်။ 

ဟယ်ရီကိန်းနဲ့ကတော့ အနီးကပ်ဆုံးပဲ။ ဒီအင်္ဂလန်သားကလည်း ဆွန်ဟောင်မင်ကို တော်တော်လေး ချစ်ပုံရပါတယ်။ နေထိုင်တဲ့ သဘောသဘာ၀ချင်းလည်း တူလို့ဖြစ်ပါမယ်။ ကိန်းကလည်း အင်္ဂလန်သားတွေထဲမှာ ရှားရှားပါးပါး အသံမထွက်တဲ့သူဆိုတော့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ မနေ့က ဆွန်ဟောင်မင်ရွှေဖိနပ်ရတာ၊ အသင်းဖော်တွေက သူ့ကို ဝိုင်းဂုဏ်ပြုနေတာကို မြင်ရတာက ပရိသတ်တွေအတွက် ကြည်နူးစရာဖြစ်ခဲ့မယ်ဆိုတာတော့ အသေချာအပါပဲ။ 

Share

Loading Next Article...
က္က