ဩစတြေးလျကို ၂-၁ နဲ့ အနိုင်ရပြီး အာဂျင်တီးနားတို့ ကွာတားဖိုင်နယ်ကို တက်ခဲ့တဲ့ပွဲမှာ အာဂျင်တီးနားနောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်ကတော့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးသော ပိတ်ဆို့ကာကွယ်မှုတခုကို လုပ်ပြသွားခဲ့ပါတယ်။ မက်ဆီ၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နေခဲ့တဲ့ အာဂျင်တီးနားဟာ ချေပဂိုးတဂိုးပြန်ပေးခဲ့ရပြီး ဩစတြေးလျက နောက်ထပ်ချေပဂိုးရဖို့ အားထုတ်ခဲ့ရပါတယ်။
၇၇ မိနစ်မှာ ပထမချေပဂိုးရထားတဲ့ ဩစတြေးလျက မိနစ် ၈၀ မှာတော့ ဘယ်နောက်ခံလူ အဇစ်ဘီဟစ်က ကွင်းလယ်နားလောက်ကနေ တဦးတည်းဆွဲပြေးလာပြီး အာဂျင်တီးနားကစားသမားတွေကို ကျော်ဖြတ်ခဲ့ပါတယ်။ ဘောလုံးနဲ့အတူ သူက ဧရိယာထဲအထိ ရောက်လာခဲ့ပြီးနောက် ဂိုးသမားနဲ့ တဦးချင်းတွေ့တဲ့အနေအထားမှာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ အားထုတ်မှုက တော်တော်လေးကောင်းမွန်ခဲ့ပြီး သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အလမ်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ သူကန်သွင်းချိန်မှာ မာတီနက်ဇ်က သူ့ဘက်ကို ပြေးဝင်လာပြီး ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။ တကယ်ကို မယုံကြည်နိုင်စရာကောင်းတဲ့ အားထုတ်မှုကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး မယုံနိုင်စရာကောင်းတဲ့ ဖျက်ထုတ်မှုကိုလည်း တပြိုင်တည်းတွေ့ခဲ့ရတာဖြစ်ပါတယ်။
မာတီနက်ဇ်ရဲ့ ဖျက်ထုတ်မှုကို အာဂျင်တီးနားပရိသတ်တွေက ချီးကျူးနေကြပြီး ကာတာကမ္ဘာ့ဖလားမှာ အကောင်းဆုံးဖျက်ထုတ်မှုတခုလို့ တင်စားနေကြပါပြီ။ မာတီနက်ဇ်ရဲ့ ဖျက်ထုတ်မှုကြောင့်သာ အာဂျင်တီးနားတို့ ချေပဂိုးမပေးခဲ့ရတာဖြစ်ပြီး ၂-၂ သာ ဖြစ်သွားခဲ့မယ်ဆိုရင် အချိန်ပိုအထိ ဆက်ကစားရဖွယ်ရှိနေခဲ့မှာပါ။ ဒီလိုကြုံရမယ့်အရေးကနေ မာတီနက်ဇ်က ကယ်တင်ပေးနိုင်ခဲ့တာပါ။
အာဂျင်တီးနားကတော့ ကွာတားဖိုင်နယ်မှာ နယ်သာလန်နဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ နယ်သာလန်က အမေရိကန်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြခဲ့ကာ ပွဲကောင်းတပွဲကိုတော့ ပရိသတ်တွေ ခံစားရတော့မှာဖြစ်ပါတယ်။