အာဆင်နယ်တိုက်စစ်မှူး နီကိုးလတ်စ်ပီပီဟာ အာဆင်နယ်အသင်းက ပေးချေထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်းမရှိသေးဘူးလို့ ပြောကြားခဲ့ကြောင်း Mirror ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
နီကိုးလတ်စ်ပီပီဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ လိုင်လီအသင်းကနေ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း ၇၀ နဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် နီကိုးလတ်စ်ပီပီဟာ အကြိမ်ပေါင်းများစွာ စွမ်းဆောင်ရည်ကောင်း မပြသနိုင်ခဲ့တဲ့အတွက် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပေမယ့် ယမန်နေ့ညက ဗစ်တိုးရီးယားနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီးနောက် အလွတ်တည်ကန်ဘောကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
နီကိုးလတ်စ်ပီပီဟာ အာဆင်နယ်အသင်းအတွက် ဗစ်တိုးရီးယားနဲ့ပွဲစဉ်မှာ ကယ်တင်ရှင်ဖြစ်ခဲ့ပေမယ့်လည်း ကောင်းသင့်သလောက် ကောင်းမွန်အောင် ကစားနိုင်ခြင်းမရှိသေးဘူးလို့ နီကိုးလတ်စ်ပီပီက ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ရောက်ရောက်ချင်းပဲ အော်ဘာမီယန်းနဲ့လာကာဇက်တို့က ကူညီပေးခဲ့ကြပါတယ်”
“ကျွန်တော် သူတို့နဲ့ စကားတွေ အများကြီးပြောကြားခဲ့ပါတယ်”
“နည်းပြက ကျွန်တော့်ကို ယုံကြည်တယ်။ ကျွန်တော် အဆုံးအဖြတ်ပေးနိုင်တဲ့ဂိုးတွေ မသွင်းယူနိုင်တာတောင်မှ နည်းပြရဲ့ယုံကြည်မှုကို ရခဲ့တယ်။ နည်းပြရဲ့ယုံကြည်မှုကို ရရှိဖို့က အမြဲတမ်းအရေးကြီးပါတယ်”
“အဲဒါက အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော် သိတာပေါ့။ ဒါက လီဂူးဝမ်းနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့လိဂ်ပါ။ ကွဲပြားခြားနားတဲ့ပြင်းထန်မှုတွေရှိနေပါတယ်”
“ကျွန်တော် လျင်လျင်မြန်မြန် အသားကျဖို့လိုတယ်။ ဘာလို့လဲဆိုတော့ မျှော်မှန်းချက်တွေက အရမ်းမြင့်မားနေလို့ပါ။ ကံဆိုးစွာနဲ့ပဲ ကျွန်တော် အစပိုင်းမှာ ကျွန်တော် ကောင်းကောင်းမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြရဲ့ယုံကြည်မှု၊ ပရိသတ်တွေရဲ့အားပေးမှုကို ရခဲ့တယ်။ ကျွန်တော် ဆက်ပြီး ပြင်းပြင်းထန်ထန်ကြိုးစားသွားမှာပါ”လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။