တိုက်စစ်ပိုင်းမှာ ဟာလန်း ဦးဆောင်လာတဲ့ နော်ဝေအသင်းဟာ အာမေးနီးယားနဲ့ ခြေစမ်းပွဲမှာတော့ ပြိုင်ဘက်ကအသင်းကို ၉ ဂိုးအထိ သွင်းယူပြီး ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲကစားချိန် ၁၇ မိနစ်မှာ အာမေးနီးယားကစားသမားတဦး ထုတ်ပယ်ခံရပြီးနောက် နော်ဝေတို့ စိတ်ကြိုက်ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ ဂိုးသွင်းလေ့ကျင့်သလိုကို ဖြစ်သွားခဲ့ပါတယ်။
ပထမပိုင်း ၂၄ မိနစ်ကနေ ၄၅ မိနစ်အတွင်း စုစုပေါင်း ၂၁ မိနစ်အတွင်းမှာ နော်ဝေတို့ ၅ ဂိုးအထိ သွင်းယူခဲ့တာပါ။ ဂျိူရှူဟွာကင်းက ၃ ဂိုး၊ ဟာလန်းက ၂ ဂိုး၊ ဆောလို့တ်က ၂ ဂိုး သောဗက်တ်နဲ့ ဒဲဟီးလ်က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြတာပါ။ အာမေးနီးယားရဲ့ နာမည်ကျော်ကစားသမားမစ်ခီတာရန် အနားယူပြီးနောက်မှာ အာမးနီးယားတို့ ကြီးမားတဲ့ဂိုးပြတ်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
မစ်ခီတာရန်ကတော့ ပြီးခဲ့တဲ့လအတွင်းကပဲ နိုင်ငံတကာကစားသမားဘ၀ကနေ အနားယူပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ အာမေးနီးယားဟာ တယောက်လျော့သွားချိန်မှာ နော်ဝေကို ဘယ်လိုမှယှဉ်မကစားနိုင်ခဲ့တော့ဘဲ ဂိုးတွေဆက်တိုက်ပေးခဲ့ရကာ သိက္ခာဆယ်ချေပဂိုးလေး ၁ ဂိုးတောင် ပြန်မရခဲ့ဘဲ ရှိခဲ့ပါတယ်။
နော်ဝေကတော့ အသင်းသမိုင်းမှာ အကြီးမားဆုံးနိုင်ပွဲတပွဲကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရမှုတွေကို ပေါက်ကွဲခဲ့သလားလို့ ထင်မှတ်ရလောက်အောင် အိမ်ကွင်းမှာ ဂိုးတွေ ဒလဟောသွင်းပြခဲ့တာလည်းဖြစ်ပါတယ်။ ဟာလန်းကတော့ လက်ရွေးစင်အသင်းအတွက် ၁၇ ပွဲကစားပေးအပြီးမှာ ၁၅ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။
ဒါတောင်မှ ဟာလန်းက ဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရတာဖြစ်ပြီး သူသာ ဆက်ကစားနိုင်ခဲ့မယ်ဆိုရင် နော်ဝေက ဒီထက်တောင်မှ သွင်းယူနိုင်ခဲ့ဖွယ်ရာရှိပါတယ်။