သဘာဝအလှတရားတွေနဲ့လှပနေတဲ့ ဆဒ္ဒန်ဂူအတွင်းကို လှေနဲ့လေ့လာခွင့်ရတာက ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့အရာတစ်ခုဖြစ်ပြီး ဒီနှစ်ကတော့ဂူအတွင်းကိုလှေနဲ့လေ့လာခွင့်တော့မရရှိတော့ပါဘူး။
photo- Saw Aung Min Oo (Hpa an)
ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကြားမှာ သဘာဝအလှတရားတွေနဲ့ နာမည်ကြီးလျှက်ရှိတဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့က ဆဒ္ဒန်ဂူရေအိုင်မှာ ရေခမ်းခြောက်လာမှုကြောင့် ယခုနှစ်ခရီးသွားကဏ္ဍကို အနည်းငယ်တော့ ထိခိုက်လာနိုင်တယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း အခုလိုရေအိုင်အတွင်း ရေခမ်းခြောက်တာကလည်း သဘာဝအလျှောက်ဖြစ်တာဆိုတော့ဘာမှမတတ်နိုင်ဘူးလို့ ဘားအံမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။
photo- Saw Aung Min Oo (Hpa an)
“ လာလည်သူမရှိရင်တော့ ခရီးသွားကဏ္ဍကတော့ နည်းနည်းတော့ထိခိုက်မှာပေါ့။ ဒါကလည်းသဘာဝတရားကြီးကဖြစ်တာလေ။ ဘယ်သူမှလူလုပ်လို့ဖြစ်တဲ့ကိစ္စမျိုးမဟုတ်ဘူး။ လောလောဆယ် စပါးတွေအတွက်ရေလိုအပ်တော့ တောင်သူတွေကလည်း ဆဒ္ဒန်ဂူနားကရေကိုပဲ ပိုက်နဲ့သွယ်ပြီးယူကောင်းယူမယ်။ အဲဒီလိုလည်းဖြစ်နိုင်တယ်။တိတိကျကျတော့ ကျွန်မတို့ဘက်ကလည်းပြောလို့မရဘူး” လို့ အားအံမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းသန်းသန်းလွင်က Duwun ကိုပြောပါတယ်။
photo- Saw Aung Min Oo (Hpa an)
အခုလို ဆဒ္ဒန်ဂူရေအိုင်မှာ ရေခမ်းခြောက်တာက နှစ်တိုင်းဖြစ်နေကျဖြစ်ပြီး ဒီနှစ်ကအဆိုးဆုံးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေကတော့ ဒီလောက်မဆိုးရွားဘဲ ကူလို့ကယ်လို့ရတဲ့ အနေထားတော့ရှိတယ်လို့ ဒေါ်နန်းသန်းသန်းလွင်ကပြောပါတယ်။ ရေခမ်းတယ်ဆိုပေမယ့် လှေစီးလို့မရတာကလွဲလို့ ဆဒ္ဒန်ဂူကိုတော့လာရောက်လည်ပတ်နိုင်ပြီး လာရောက်လည်ပတ်တဲ့သူတွေရဲ့ စိတ်ပေါ်မှာပဲမူတည်တယ်လို့ ဆိုပါတယ်။
ဆဒ္ဒန်ဂူဟာ လှပတဲ့ သဘာဝကျောက်ခတ်ပန်းဆွဲတွေကြောင့် ခရီးသွားတွေကြားမှာ နာမည်ကြီးရေပန်းစားနေပြီး ဂူအတွင်းကို လှေစီးပြီးလေ့လာလို့ရတာကလည်း ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့အရာတစ်ခုပါ။ အခုလိုရေအိုင်အတွင်းရေခမ်းသွားတာကြောင့် ယခုနှစ်ခရီးသွားရာသီကာလမှာတော့ ခရီးသွားတွေအနေနဲ့ ဆဒ္ဒန်ဂူကို လှေစီးပြီးလေ့လာလို့တော့ရမှာမဟုတ်ဘူးလို့ သိရပါတယ်။