အိမ်ထောင်ပြုဖို့ မလိုအပ်ပါဘူးတဲ့။

အေသင်ချိုဆွေက နောက်ထပ်အိမ်ထောင်ပြုဖို့ဆိုတာ မလိုအပ်တော့ဘူးလို့ ဆိုပါတယ်။ တစ်ဦးတည်းသော သမီးလေး Ivy နဲ့အတူ ဖြတ်သန်းနေရတဲ့ ဘဝလေးက ပျော်ဖို့ကောင်းပါတယ်တဲ့။

Photo: အေသင်ချိုဆွေ

အဆိုတော် အေသင်ချိုဆွေက သမီးလေး Ivy နဲ့ အတူနေရတဲ့ ဘဝလေးက အရမ်းကိုပျော်ဖို့ကောင်းတယ်လို့ ဆိုပါတယ်။ သူမရဲ့ ဘဝကိုတော့ သမီးလေးနဲ့အတူတူ ဖြတ်သန်းသွားမယ်လို့ မီဒီယာတွေကနေတဆင့် ပြောပြထားပါတယ်။

‘’ တစ်ယောက်တည်းနေသွားဖို့ပဲ အစီအစဉ်ရှိပါတယ်။ ဒီအတိုင်းလေးပဲ ကောင်းပါတယ်။ ဘဝမှာ အတူတူရှိလည်း ပူလောင်နေမယ်၊ ကလေးလည်း စိတ်ဆင်းရဲရမယ့် အတူတူတော့ ဒီသားအမိ နှစ်ယောက်ဘဝမှာ ပင်တော့ ပင်ပန်းပေမယ့် ပျော်တယ်။ ကိုယ်စိတ်ညစ်လာတဲ့အခါ သူနဲ့အတူတူဆော့လိုက်ရင် ပျော်သွားတယ်။ ဒါလေးတွေက အရမ်းကြည်နူးဖို့ကောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: အေသင်ချိုဆွေ

အေသင်ဟာ လက်ရှိမှာ ဂီတအလုပ်တွေ ဆက်တိုက်လုပ်နေရတာဖြစ်ပြီး သူမရဲ့ အနုပညာကြေးနဲ့ သမီးလေးကို အကောင်းဆုံးပျိုးထောင်သွားမယ်လို့ဆိုပါတယ်။ နောက်အိမ်ထောင်ပြုဖို့လည်း သူ့အတွက် မလိုအပ်ဘူးလို့ ပြောပါတယ်။

‘’စကားကတော့ အကုန်ပြောလို့ မရပါဘူး။ ဒါပေမဲ့ တွေ့ဖို့ဆိုတာတော့ အခုချိန်မှာ မမျှော်လင့်ဘူး။ ကိုယ်သည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တယ်။ ကိုယ့်ဘာသာအလုပ်လုပ်ပြီးတော့ ကလေးတစ်ယောက်ကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်တယ်။ မလိုအပ်ပါဘူး’’ လို့ ဆိုပါတယ်။

Photo: အေသင်ချိုဆွေ

မကြာခင်ရက်ပိုင်းလောက်က အေသင်ချိုဆွေက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ ချစ်သူဟောင်းအတွက် ဆုတောင်းစကားဆိုခဲ့တာကို တွေ့ရပါတယ်။ ဒီလို ဆုတောင်းပေးဖြစ်ခဲ့တဲ့အကြောင်းကို အခုလို ရင်ဖွင့်ပြောပြလာပါတယ်။

‘’ အခုချိန်မှာ ကိုယ်ကတော့ အေးချမ်းနေတယ်။ ဒီလိုမျိုးဖြစ်သွားတာကိုတောင်မှ ကျေးဇူးတင်မိတယ်။ အဲဒီအတွက် မေတ္တာပြန်ပို့ပေးတာပေါ့ သူလည်း အဆင်ပြေပါစေပေါ့။ ဘာစိတ်ခံစားချက်မှကိုမရှိတော့ဘူး။ တကယ်လည်း ရင်ထဲကနေဆုတောင်းပေးတာပါ။ မုန်းလည်း မမုန်းဘူး၊ ချစ်လည်း မချစ်ဘူး၊ စိတ်နာတာလည်း မရှိဘူး။ ဘာဆို ဘာမှမရှိတော့ဘူး’’ လို့ သူကဆိုပါတယ်။

Photo: အေသင်ချိုဆွေ

အနုပညာလောကထဲကို ၂၀၁၈ ခုနှစ်မှစပြီး ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေသလို မကြာခင်မှာလည်း အွန်လိုင်းကနေ သီချင်းတွေ ဖြန့်သွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က