Samsung ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဈေးကွက်ဝင် ခေါက်သိမ်းနိုင် စမတ်ဖုန်း Galaxy Fold ရဲ့ ခေါက်သိမ်းနိုင်စွမ်းအကြိမ်ရေကို သရုပ်ပြဖို့ထူးခြားတဲ့ စမ်းသပ်မှုတစ်ခု လုပ်ခဲ့ပါတယ်။
အဲ့ဒါကတော့ အာမခံကုမ္ပဏီ Square Trade ဆီက ဖုန်းကို အလိုအလျောက် ခေါက်လိုက်ဖွင့်လိုက် စမ်းသပ်ပေးသွားမယ့် စက်ရပ်သုံးပြီး Galaxy Fold ကို အကြိမ်ပေါင်းများစွာ ခေါက်သိမ်းပြတာပါ။ ဒီဖြစ်ရပ်ကို CNET ကနေ အချိန် ၁၄ နာရီခန့် တိုက်ရိုက် Live လွှင့်ပြီးတင်ဆက်ခဲ့ပါတယ်။ အဖြေကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Samsung ဟာ Galaxy Fold ကို မိတ်ဆက်ခဲ့ချိန်က အကြိမ်ပေါင်း ၂ သိန်းအထိ ဖုန်းdisplay ကို ခေါက်နိုင် ဖွင့်နိုင်မယ်လို့ကြေညာခဲ့တာပါ။ စမတ်ဖုန်းသုံးစွဲသူတစ်ယောက်အတွက် ၅ နှစ်လောက် ဖုန်းအဖွင့်အပိတ် လုပ်ပြီး သုံးနိုင်ဖို့လည်း ရည်ရွယ်ထားတာပါ။ တစ်နည်းအားဖြင့် တစ်နေ့ကို ဖုန်း display ခေါက်မယ် ဖွင့်မယ်ဆိုရင် အကြိမ် ၁၀၀ နှုန်းနဲ့၅ နှစ်လောက် အသုံးခံနိုင်ဖို့ရှိပါတယ်။
CNET ကနေ Live လွှင့်ပြီး Robot Test လုပ်ပြချိန်မှာ အကြိမ်ရေ ၁ သိန်း ၂ သောင်းနီးပါး ( အကြိမ်ရေ ၁၁၉၃၈၀) ရောက်ချိန်မှာ display နှစ်ခုကို ချိတ်ဆက်ထားတဲ့ hinge ပျက်သွားပြီး screen တစ်ခြမ်းလည်း ပျက်သွားပါတယ်။ အကြိမ်ရေ ၁ သိန်း ၂ သောင်းကျော် ခေါက်ပြီးသွားချိန်မှာ Galaxy Fold ရဲ့ ပတ္တာဟာ လုံးဝကို လစ်သွားပြီး စမ်းသပ်မှုလည်း ပြီးဆုံးသွားပါတယ်။
Robot Test လုပ်ချိန်မှာ စက်ရုပ်ဟာ တစ်မိနစ် အကြိမ် ၁၅၀ နှုန်းနဲ့အမြန်အဖွင့်အပိတ် လုပ်သွားတာ ဖြစ်ပါတယ်။ အပြင်မှာ တကယ်အသုံးပြုရင်တော့ ဘယ်သူမှ ဒေါ်လာ ၁၉၈၀ တန် Galaxy Fold ကို အဲသလောက်မြန်မြန်ကြီး fold လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Galaxy Fold ဟာ အကြမ်းခံမှုပိုင်းမှာ ပြဿနာရှိလို့ပဲ ဈေးကွက်ထဲ ဖြန့်ဖို့ဟိုရွှေ့ဒီရွှေ့လုပ်ခဲ့ရတာပါ။
Photo: ZDNet
ဧပြီလကုန်မှာ ဈေးကွက်ထဲ ဖြန့်ချိဖို့အတွက် ရည်ရွယ်ပြီး မိတ်ဆက်လိုက်တဲ့ Galaxy Fold ကို ဈေးကွက်ထဲ မကြေညာခင် Reviewers တွေကို ပေးပြီး စမ်းသပ်ခိုင်းစဉ်ကတည်းက screen ဖောင်းကြွ ပျက်စီးလွယ်တယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ ဒီနောက်မှာ ဈေးကွက်ထဲ ဖြန့်ချိမယ်လို့ကြေညာခဲ့တဲ့ရက်ကိုပါ နောက်ဆုတ်ခဲ့ပါတယ်။
Galaxy Note 10 စီးရီး ထွက်ချိန်အထိ ဈေးကွက်ထဲ မရောက်ခဲ့တဲ့ Galaxy Fold ဟာ စက်တင်ဘာလဆန်းပိုင်းမှာ ကိုရီးယား ၊ ပြင်သစ် ၊ ဂျာမဏီ ၊ စင်ကာပူ ၊ ယူကေနဲ့အမေရိကန်တို့မှာ ရောင်းချမယ်လို့ကြေညာသွားပါတယ်။ အခု စမ်းသပ်မှုကြောင့် Galaxy Fold အပေါ် စိတ်ဝင်စားမှု နည်းနိုင်သလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။