စက်တင်ဘာလကစပြီး ဆက်တိုက်နိုင်ပွဲတွေရနေတာပါ။

ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲဆက်တိုက် ရဂိုးတစ်ဂိုးမှမရှိဘဲ အရေးနိမ့်ခဲ့လို့ ဝေဖန်သံတွေ ပလူပျံနေခဲ့တဲ့ အာဆင်နယ်ဟာ အခုအခါမှာတော့ အမှတ်ပေးဇယားအဆင့် ၅ နေရာအထိကို ရောက်ရှိလာခဲ့ပါတယ်။ နည်းပြအာတီတာကို ရာထူးက နုတ်ထွက်ပါတော့လို့ ပရိသတ်တွေ တကြော်ကြော်အော်နေခဲ့တဲ့ အချိန်တွေဖြစ်ခဲ့ပြီး ဝေဖန်သုံးသပ်သူအများစုရဲ့ ပစ်မှတ်က အာဆင်နယ်ဖြစ်နေခဲ့ပါတယ်။ 



ဒါပေမယ့် စက်တင်ဘာလကစပြီး ပြန်ကြည့်မယ်ဆိုရင် ပရီးမီးယားလိဂ်မှာ အာဆင်နယ်က နိုင်ပွဲအများဆုံးရတဲ့ အသင်းဖြစ်လာခဲ့ပြီး စုစုပေါင်း ၇ ပွဲကစားခဲ့ရာမှာ ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ရှုံးပွဲမရှိခဲ့ပါဘူး။ အဲဒီ ၇ ပွဲမှာ ရဂိုး ၁၃ဂိုး ရှိခဲ့ပြီး ပေးဂိုးမရှိပွဲက ၅ ပွဲအထိပါဝင်ခဲ့တာကို ကြည့်ရင် အာဆင်နယ်တိုးတက်လာခဲ့တယ်ဆိုတာက အထင်အရှားပါပဲ။ 

အခုနောက်ဆုံး ၃ပွဲဆက်တိုက်မှာလည်း ပေးဂိုးမရှိအနိုင်ရရှိခဲ့ပြီး ဇယားထိပ်ဆုံးက ချယ်လ်ဆီးနဲ့ ၆ မှတ်သာ ကွာဟတော့တဲ့အထိဖြစ်လာခဲ့တာပါ။ စမစ်ရိုဝီရဲ့ ခြေစွမ်းပြမှု၊ နေရာစုံက ကစားသမားတွေ ပုံမှန်ခြေစွမ်းပြန်ရပြီး အသင်းကို ဟန်ချက်ညီနေအောင် အာတီတာတည်ဆောက်နိုင်ခဲ့မှုတွေက အခရာကျခဲ့ပြီး Turst the Process လို့ ကြွေးကြော်ခဲ့တဲ့ အာတီတာတစ်ယောက် လက်ခမောင်းထခတ်နိင်ခဲ့ပြီဖြစ်ပါတယ်။ 

တိုက်စစ်ပိုင်းမှာဆိုရင် ထိပ်ဆုံးငါးသင်းထဲမှာ အာဆင်နယ်က အားအနည်းဆုံးဖြစ်နေပေမယ့် ခံစစ်ပိုင်းမာကျောလာခဲ့မှုက သူတို့ကို နိုင်ပွဲတွေယူဆောင်ပေးခဲ့တာပါ။ တိုမီယာဆုရောက်လာပြီးနောက် အာဆင်နယ်ခံစစ်ပိုင်းပြောင်းလဲခဲ့ပုံက အံ့အားသင့်စရာကောင်းနေခဲ့သလို ကျန်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပါ တိုးတက်လာခဲ့တာက တိုက်ဆိုင်နေခဲ့ပါတယ်။ 

နောက်ထပ်အဓိကပြောရမှာကတော့ ဂိုးသမား ရမ့်စ်ဒေးလ်ရဲ့ လက်စွမ်းပါ။ လီနိုကိုပါ နောက်ကောက်ချပစ်တဲ့အထိ သူက လက်စွမ်းပြခဲ့တာဖြစ်ပြီး လက်စတာနဲ့ပွဲမှာဆိုရင် အားလုံးမှင်သက်စေမယ့် စွမ်းဆောင်မှုမျိုးကို လုပ်ပြနိုင်ခဲ့ပါတယ်။ ဆိုရရင်တော့ အာတီတာရဲ့ အချိန်မိပြန်တည့်မတ်မှုနဲ့အတူ ကစားသမားတွေ ခြေစွမ်းပြနေခဲ့တာက အာဆင်နယ်ကို ပြန်ပြီးခေါင်းထောင်လာစေခဲ့တာပဲဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က