အလွန်ဆိုရဲ့ လေဗာကူဆင်ကတော့ အကောင်းဆုံးပုံစံ၊ ရလဒ်တွေကို ရယူရင်း ယူရိုပါလိဂ်ရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ မနေ့ညကလည်း သူတို့အသင်းက နှစ်ဂိုးပြတ်အရှုံးကနေ နောက်ကလိုက် သုံးဂိုးသွင်းပြီး နောက်တစ်ဆင့်ကို တက်ရောက်ခဲ့တာပါ။
ပထမအကျော့ ကာရာဘတ်ကွင်းမှာတုန်းကလည်း နှစ်ဂိုးပြတ်အရှုံးကနေ နှစ်ဂိုးစီ သရေကျအောင် နောက်ကျဂိုးတွေနဲ့ နောက်ကလိုက် ကစားခဲ့ရပါတယ်။ အခု မနေ့ညက အိမ်ကွင်း ဒုတိယအကျော့မှာလည်း လေဗာကူဆင်တို့ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့တာပါ။
ပွဲကစားချိန် (၅၈) မိနစ်နဲ့ (၆၇) မိနစ်တို့မှာ ကာရာဘတ်က ဦးဆောင်ဂိုးတွေ သွင်းယူသွားခဲ့တာကြောင့် လေဗာကူဆင်တို့ ပြိုင်ပွဲက ထွက်ရပြီလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန် (၇၂) မိနစ်မှာ ဖရင်မ်ပေါင်က ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။
အဲ့ဒီနောက် မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပို (၃) မိနစ်နဲ့ (၇) မိနစ်တို့မှာ ပက်ထရစ်ရှစ်ခ်က လေဗာကူဆင်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့ပြီး လေဗာကူဆင်တို့ ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် နှစ်ကျော့ပေါင်း ၅-၄ ဂိုးနဲ့ လေဗာကူဆင်တို့ ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။
လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားမှာလည်း ဘိုင်ယန်မြူးနစ်ကို (၁၀) မှတ် ဖြတ် ဦးဆောင်ထားသလို အခု ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့ပါပြီ။ ဒါ့အပြင် ဒီရာသီပြိုင်ပွဲစုံ (၃၇) ပွဲစလုံးမှာလည်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားတဲ့ အသင်းအဖြစ် ပုံစံကောင်းတွေ ဆက်တိုက် ပြသနေတာလည်း ဖြစ်ပါတယ်။