ဘရာဇီးလ်တိုက်စစ်မှူးအတွက်တော့ မေ့ပစ်ချင်စရာကောင်းခဲ့တဲ့ ညတစ်ည ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ဗုဒ္ဓဟူးနေ့ညက အသင်းအတွက် ပြန်လည်ကစားပေးခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

လီဂူးဝမ်း ချန်ပီယံတွေဟာ ကမ္ဘာ့ဖလားနားရက်အပြီးမှာ စထရာဘိုးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားအောင်မြင်မှုအတွက် အောင်ပွဲခံနေတာကြောင့် ထပ်တိုးနားရက်ပေးထားတဲ့အတွက် ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှာ နေမာနဲ့ ခီလီယန် အမ်ဘာပေတို့ ပါဝင်ကစားပေးခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးအတွက်တော့ မေ့ပစ်ချင်စရာကောင်းခဲ့တဲ့ ညတစ်ည ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး ဒုတိယပိုင်းမှာ အဝါကတ် ၂ ကတ် ဆက်တိုက်ဆိုသလို ပြသခံခဲ့ရပြီးနောက် ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပထမအဝါကတ်ဟာ ပြိုင်ဘက်ရဲ့ မျက်နှာကို လက်နဲ့ ထိတွေ့ခဲ့တဲ့အတွက် သတိပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နေမာရဲ့ ဒုတိယမြောက် အဝါကတ်ပြားဟာ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ အံ့အားသင့်ဖွယ် ဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တဲ့အတွက် ပြသခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

နေမာဟာ အမ်ဘာပေဆီကနေ ဘောလုံးကို ပင်နယ်တီ ဧရိယာထဲမှာ လက်ခံရယူခဲ့ပေမယ့်လည်း ဘောလုံးထုတ်တာ အရမ်းများသွားတာကြောင့် နောက်ခံကစားသမားကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ နေမာဟာ စထရာဘိုးနောက်ခံကစားသမားနဲ့ ထိတွေ့မှု မရှိခဲ့ပေမယ်လည်း သနားစရာကောင်းတဲ့ပုံစံနဲ့ မြက်ခင်းပေါ် လှဲချခဲ့ပြီး ဒိုင်လူကြီးကလည်း ဘရာဇီးလ်တိုက်စစ်မှူးကို နောက်ထပ် အဝါကတ်ပြားနဲ့ အပြစ်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်းဟာ ကွင်းအတွင်းမှာ လိုတာထက် ပိုပြီး လဲကျတတ်တဲ့ နာမည်ဆိုး ရှိခဲ့သူဖြစ်ပေမယ့်လည်း ဗုဒ္ဓဟူးနေ့ညက အပြုအမူဟာ အဲဒီ နာမည်ဆိုးကို အလကားရခဲ့တာမဟုတ်ဘူးဆိုတာ ပြသခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပထမပိုင်းတုန်းကလည်း ဖျက်ထုတ်ခံရမှုမှာ အလွယ်တကူပဲ လဲကျသွားခဲ့ပေမယ်လည်း သံသယအကျိုးခံစားခဲ့ရပြီး ဒုတိယအကြိမ်မှာတော့ ဒိုင်လူကြီးက အဝါကတ်ပြသခဲ့တာကြောင့် ၆၂ မိနစ်မှာပဲ ကွင်းထဲကနေ စောစောစီးစီးပဲ ထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပထမဆုံး ပြန်လည်ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ အသင်းခေါင်းဆောင် မာကင်ညို့စ်က ပထမပိုင်း ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို ဒုတိယပိုင်း ၅၁ မိနစ်မှာပဲ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာကြောင့် ၁-၁ နဲ့ ပွဲပြီးတော့မယ့်ပုံ ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပို ၉၆ မိနစ်မှာ ကမ္ဘာ့ဖလားရွှေဖိနပ်ဆုရှင် ခီလီယန် အမ်ဘာပေက ပင်နယ်တီကနေတဆင့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့တာကြောင့် ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က