ရိုဒရိုင်ဂိုအတွက် အံ့အားသင့်ဖွယ်ဖန်တီးပေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ရီးရဲလ်ကို အသက်ဆက်ပေးမယ့် ချေပဂိုးကို လူစားဝင်ကစားသမား ရိုဒရိုင်ဂိုက သွင်းယူပေးခဲ့ပါတယ်။ ၃-၀ နဲ့ ရီးရဲလ်တို့ ချယ်လ်ဆီးကို အရေးနိမ့်ချိန်မှာ အဖိုးတန်ချေပဂိုးဖြစ်ခဲ့ပြီး အချိန်ပိုဆက်ကစားရဖို့ အခွင့်အရေးရခဲ့ကာ အချိန်ပိုမှာ ဘန်ဇီမာရဲ့ ခေါင်းတိုက်ဂိုးနဲ့ နောက်ထပ်ချေပဂိုးရခဲ့ပြီး နှစ်ကျော့ရလဒ်၅-၄ နဲ့ စပိန်ကလပ်က ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ 

ရိုဒရိုင်ဂိုရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သူကတော့ ဝါရင့်ကွင်းလယ်လူကြီး မိုဒရစ်ဖြစ်ပါတယ်။ ချယ်လ်ဆီးကစားသမားတွေဖြစ်တဲ့ ကန်တေနဲ့ ကိုဗာဆစ်တို့ ဖိအားလိုက်ပေးနေတဲ့ကြားကနေ မိုဒရစ်က ညာခြေနဲ့ လှလှပပ ကန်တင်ပေးပို့ခဲ့တာဖြစ်ပြီး ရိုဒရိုင်ဂိုက ဘောလုံးအကျမှာ ညာခြေနဲ့ အပိုင်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ 



မိုဒရစ်ရဲ့ ပေးပို့မှုက တကယ်ကို အနုပညာဆန်လွန်းပြီး တိကျသပ်ရပ်လွန်းအားကြီးခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ဖန်တီးပေးမှုကို ရီယိုဖာဒီနန်၊ အွန်နရီ၊ ကာရေဂါတို့လို နာမည်ကျော်ကစားသမားတွေက ချီးကျူးမှုတွေပြုလုပ်သွားခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးပေးမှုနဲ့ပတ်သက်ပြီး အွန်နရီက "နှစ်ကျော့စလုံးမှာ အကောင်းဆုံးအခိုက်အတန့်တခုလို့ ကျနော်ထင်တယ်ဗျာ၊ ရိုဒရိုင်ဂိုရဲ့ ဂိုးအတွက် သူ့ရဲ့ ညာခြေအပြင်ဘက် (ခြေခုံနဲ့ ဘောလုံးကိုပွတ်ပြီး ကန်တင်ပေး)နဲ့ ကန်တင်ပေးသွားတာ" လို့ ချီးမွမ်းခဲ့ပါတယ်။ 

ကာရေဂါကလည်း "ဒီလူရဲ့ အသက်က ၅၀ လောက်ဖြစ်နေပြီ (အရမ်းချီးကျူးတာ)၊ သူက ဘယ်လိုမျိုးတွေကိုလုပ်ပြနေတာလဲ၊ တကယ့်ကို ထူးချွန်လွန်းပါတယ်၊ ကျနော်မြင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပေးပို့မှုပဲ၊ ဘောလုံးက သူ့ခြေထောက်အောက်မှာပဲ သူ လိုသလိုထိန်းချုပ်နေတာ၊ သူ့ရဲ့ နာမည်ကျော်အပြင်ဘက်ခြေထောက်နဲ့ ကန်တင်ပေးလိုက်တာပဲ၊ တကယ်ကို ပြီးပြည့်စုံလွန်းတယ်၊ ကြည့်လိုက်ရတာကိုက လှပလွန်းတယ်ဗျာ" လို့ ပြောဆိုခဲ့ပါတယ်။ 

ရီယိုဖာဒီနန်ကလည်း "ကျနော် ဒီနေ့ အသံတောင်မထွက်နိုင်တော့တာ သူ့ရဲ့ ပေးပို့မှုကြောင့်ပဲ၊ လူကာ၊ မူကာဆိုပြီး သူ့နာမည်ကိုပဲ ကျနော်အော်နေတော့တာ၊ အရမ်းကိုထူးခြားလွန်းတယ်ဗျာ" လို့ အမွှမ်းတင်သွားခဲ့ပါတယ်။ အသက် ၃၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ခရိုအေးရှားကွင်းလယ်လူဟာ လက်ရှိအချိန်ထိ အကောင်းဆုံးပုံစံကို ပြသနေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က