ဒိန်းဒေါင်ဟာ အလှူအတန်း၊ ပရဟိတအလုပ်တွေသာမက အနုပညာလောကသားအချင်းချင်း ရိုင်းပင်းကူညီတတ်တဲ့ စိတ်ကြောင့် တစ်ခါတလေမှာ အနိုင်ကျင့်ခံလိုက်ရတာတွေရှိတယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။
Photo: Dain Daung
ဟာသလူရွှင်တော် သရုပ်ဆောင် ဒိန်းဒေါင်ကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေး သူတစ်ဦးပါပဲ။ ပရဟိတအလုပ်ဆိုရင်လည်း ရှေ့ဆုံးကနေ ဦးဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သူတစ်ပါးကို ကူညီတတ်တဲ့ စိတ်ကြောင့်လည်း အနိုင်ကျင့် ခံခဲ့ရတာတွေ အရမ်းများတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ ကျွန်တော်က အလှူအတန်းဆိုလည်း ဝါသနာပါတယ်၊ ကူညီတာလည်း ဝါသနာပါတယ်။ အားလည်း အားနာတတ်တယ်။ အဲဒါတွေကြောင့် ဆုံးရှုံးခဲ့တာတွေ အများကြီးပဲ။ ပိုက်ဆံချေးပြီးတော့ ပြန်မရတာတွေ၊ တချို့ဆို နေစရာမရှိလို့ အိမ်ပေါ်တင်ထားတာ ပြန်ဆင်းခိုင်းတော့ လျှော်ကြေးတောင်းတာတွေတောင်ရှိတယ်။ အရင်ဘဝက မကောင်းခဲ့လို့ပေါ့လေ” လို့ သူကဆိုပါတယ်။
Photo: Dain Daung
ဒိန်းဒေါင်ကတော့ ဘာသာရေး ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်လို့ အရင်ဘဝက ဝဋ်တွေလည်နေတယ်လို့ပဲ သတ်မှတ်တယ်လို့ ပြောပါတယ်။
“ စိတ်ထဲမှာကတော့ ဒီအတိုင်းပါပဲ။ ဟိုဘဝက ကောင်းမှုကြောင့် ရစရာရှိရင် ရမှာပဲ။ ဟိုဘဝက ဆိုးမှုကြောင့် ပေးစရာရှိရင် ပေးမှာပဲ။ အဲဒါကို သွားပြီးတော့ ဗွေယူလို့လည်း မရပါဘူး၊ အပြစ်တင်နေလို့လည်းမရဘူး၊ ထိုင်ပြီး ဝမ်းနည်းနေလို့လည်း မရဘူး။ ဘုရားပေးတဲ့ ခန္ဓာကိုယ်ပဲလေ ပျော်စရာရှိလည်း ပျော်ရမှာပေါ့၊ ငိုစရာရှိလည်း ငိုရမှာပေါ့” ဆိုပြီးတော့ ဒီဇင်ဘာလ ၂ ရက်နေ့က “တောက်ချလိုက်မယ်” ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Dain Daung
ဒိန်းဒေါင်ကတော့ အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာဖြစ်ပြီး နယ်လှည့်ဖျော်ဖြေပွဲတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ဒိန်းဒေါင်ဟာ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူငယ်ချင်းဖြစ်သူ ခင်လှိုင်နဲ့ TV Program တွေမှာ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။