In partnership with  logo
မိန်းကလေးတော်တော်များများရဲ့အားနည်းချက်ဖြစ်တဲ့ အားနာတတ်တဲ့အကျင့်ကို ပြုပြင်ဖို့တော့လိုပါတယ်။

မိန်းကလေးတိုင်းရဲ့ အားနည်းချက်ကို ပြောပါလို့ပြောလိုက်ရင် အားနာတတ်တာလို့ ပြောတတ်ကြပါတယ်။ ကိုယ်မကြိုက်တာကို မကြိုက်ဘူးလို့ ပြောလိုက်ရမှာ အားနာတာ။ ကိုယ်မလုပ်ချင်တာကို မလုပ်ချင်ဘူးလို့ ပြောလိုက်ရမှာ အားနာတာ၊ တစ်ဖက်သား စိတ်ခုသွားမှာ ကြောက်လို့ အားနာတာ စတဲ့ အားနာချက်ပေါင်းများစွာနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းတတ်ကြပါတယ်။ ဘာ့ကြောင့်အားနာနေကြတာလဲ။ ဘာ့ကြောင့် ကိုယ်မလုပ်ချင်တာကို ၊ မကြိုက်တာကို ငြင်းဖို့ တွန့်ဆုတ်နေကြတာလဲ။ ကိုယ့်အတွက် ဘာမှမထိခိုက်လောက်တဲ့ အားနာမှုမျိုးက ပြဿနာမရှိပေမယ့် ကိုယ့်ကို ထိခိုက်စေမယ့်အားနာမှုမျိုး ၊ အားနာမှုသေးသေးလေးတွေကနေ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရဖြစ်သလို ခံစားလာရတဲ့ အားနာမှုမျိုးဆိုရင်တော့ ကိုယ့်ရဲ့မကောင်းတဲ့စိတ်အစွဲကြီးကို ပြုပြင်ပြောင်းလဲသင့်နေပါပြီ။

ဘယ်လိုပြုပြင်ပြောင်းလဲကြမလဲ

အရိုးစွဲလာတဲ့ အကျင့်တွေဆိုတာ ဖျောက်ဖျက်ရခက်တတ်ပါတယ်။ ဒီလိုဖျောက်ဖျက်ရခက်တဲ့အထဲမှာ ကိုယ် ငယ်စဉ်ကတည်းက အရိုးစွဲလာခဲ့တဲ့ အားနာတတ်တဲ့ အကျင့်ကြီးကလည်း ပါဝင်ပါတယ်။ ကိုယ့်ရဲ့ အရိုးစွဲလာတဲ့ အားနာတတ်တဲ့ အကျင့်ကြီးကို ဖျောက်ချင်တယ်ဆိုရင် အရင်ဆုံး အားနာတတ်မှုကြောင့် ကိုယ့်ရဲ့ ဆုံးရှုံးခဲ့ရမှုတွေကို ပြန်တွေးကြည့်ပါ။ လူဆိုတာက ကိုယ့်ကိုယ်ကိုယ် ချစ်တတ်ဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ ဆုံးရှုံးရမှုတွေက အားနာမှုကြောင့် ဖြစ်လာတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။

ပထမဆုံးနစ်နာသူဟာ ကိုယ်ပါ

အားနာလို့ လုပ်ပေးလိုက်ရတာ ၊ အားနာလို့ မငြင်းလိုက်မိတာတွေရဲ့ နောက်ဆက်တွဲမှာ ပထမဆုံးနစ်နာတာက ကိုယ်ကိုယ်တိုင်ပါပဲ။ အားနာတတ်တဲ့ စိတ်ကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်ကို လျစ်လျူရှူလိုက်ရတာဖြစ်တဲ့ အတွက် ပထမဆုံး စိတ်ကို အဆင်မပြေဖြစ်စေပါတယ်။ အဲဒီကမှတစ်ဆင့် ကိုယ်အားနာမိတဲ့ အကြောင်းအရာအလိုက် ဆုံးရှုံးမှုတွေက အနည်းနဲ့ အများ လိုက်လာတာပါပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့ အားနာစိတ်ကို ဆုံးရှုံးမှုအဖြစ် မပြောင်းလဲစေချင်ဘူးဆိုရင်တော့ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားရပါလိမ့်မယ်။

MC အနေနဲ့ရော Presenter တစ်ယောက်အနေနဲ့ပါ ဆောင်ရွက်နေတဲ့ မအေးချမ်းပိုင်က သူ့ရဲ့ အားနာတတ်တဲ့စိတ်ကို ဖျောက်ပစ်ခဲ့ပုံကို Duwun ကို ပြောပြပါတယ်။

“ညီမလည်း တစ်ဖက်သားအပေါ် သိပ်အားနာတတ်တာ။ တစ်ခုခုဆို အားနာတဲ့စိတ်နဲ့ကပြောရခက်တယ်။ သေချာစဉ်းစားကြည့်ရင်း အားနာတယ်ဆိုတိုင်းမကောင်းပြန်တော့ "အော် ဒါကို ဒီလိုပွင့်ပွင့်လင်းလင်းပြောမှဖြစ်မှာပါလေ" ဆိုတဲ့ အတွေးနဲ့ အားနာတဲ့စိတ်ကိုဖျောက်နိုင်ခဲ့တယ်ပေါ့နော်. . တစ်ခါတလေ ကိုယ်ချင်းစာစိတ်လေးပါ ပေါင်းတွေးရတယ် . . တစ်ခုခုပြောတော့မယ်ဆိုတစ်ဖက်သားကို အားနာပေမယ့်လည်း နှစ်ဖက်စလုံးအတွက်ထိခိုက်နစ်နာမှုမရှိဘူးဆို ပြောမှဖြစ်မယ့်အရာ လုပ်မှဖြစ်မယ့်အရာဆို ရှေ့ဆက်တိုးပြီးပြောဖြစ်တယ်။”

အလုပ်မတွင်ပါဘူး

စိတ်ပါတာမျိုးမဟုတ်ဘဲ မတတ်သာလို့ အားနာလို့ လုပ်တယ်ဆိုမှတော့ ဒီအလုပ်တစ်ခုအပေါ်မှာ ရာနှုန်းပြည့် စိတ်မထည့်နိုင်တော့ပါဘူး။ စိတ်စေတနာမပါဝင်ဘဲ အားနာလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်တော့မှ ဘယ်အရာကိုမှ မလုပ်မိပါစေနဲ့ ။ အဲဒါဟာ ကိုယ့်ကိုယ်ကိုယ်ရော တစ်ဖက်လူကိုပါ စော်ကားရာရောက်ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးအတွက် မကောင်းတာ အားနာတာပါ။ ဒါ့ကြောင့် အလုပ်လည်းမတွင်စေသလို အချင်းချင်းလည်း စိတ်ခုသွားနိုင်တဲ့ အားနာစိတ်ကို အမြစ်ဖြတ်သတ်ဖို့လိုအပ်ပါတယ်။

ဘယ်သူ့အတွက်မှ မကောင်းတဲ့အရာ

ဟိုးအရင်တုန်းကတော့ လူတွေက အားနာတတ်တာမျိုး ၊ ပြောလိုက်ရင်မကြိုက်တော့မှာမျိုးတွေ ရှိခဲ့ကြပေမယ့် ဒီဘက်ခေတ်မှာတော့ ဒါတွေက သိပ်ပြီးအဆင်မပြေတော့ပါဘူး။ ခေတ်ရဲ့ စနစ်ကို အမီလိုက်နေရတဲ့လူတွေဖြစ်လာတဲ့အလျှောက် အားနာတာတွေ၊ အားနာလို့ လုပ်ပေးလိုက် ၊ မငြင်းလိုက်တာတွေကို လုံးဝလက်မခံတော့ပါဘူး။ ပွင့်ပွင့်လင်းလင်း အဆင်ပြေတယ် ၊ မပြေဘူး ဆိုတာမျိုးတွေပဲ လူတွေက နှစ်ခြိုက်ပါတော့တယ်။ ဒီဘက်ခေတ်မှာ အားနာတယ်ဆိုတာကို လူတွေက လုံးဝမနှစ်ခြိုက်တော့ပါဘူး။ ဒါ့ကြောင့် စိတ်ပါဝင်စားတဲ့အရာတွေ ၊ ကိုယ်စိတ်ပါတဲ့အရာတွေကိုသာ လုပ်ပါ၊ အားနာလို့ ဆိုတာမျိုးနဲ့ လူတွေကိုရော ကိုယ့်ကိုယ်ကိုယ်ရော အဆင်မပြေအောင် မလုပ်ပါနဲ့။

ကျောင်းဆရာမ ခင်သံသရာကလည်း အားနာတတ်တဲ့စိတ်အကြောင်းကို Duwun ကို ခုလိုပြောပြပါတယ်။

“ကိစ္စတစ်ခုကို မလုပ်နိုင်ဘူးဆိုရင် မလုပ်နိုင်ကြောင်း ပြတ်ပြတ်သားသားငြင်းမယ်။ အဓိကက မတွေဝေနေဖို့ပါပဲ။ အဲဒီကိစ္စအပေါ် ကိုယ်ကအားနာရမယ့်အခြေအနေလုပ်ထားရင် အားနာနေရမှာပဲ။ ပြီးတော့ လူမှုရေးအရ တစ်ချို့ကိစ္စတွေကို ကူညီချင်တဲ့စိတ်က အားနာစိတ်ကိုဖြစ်စေတာပေါ့။ ကိုယ်လည်းမလုပ်နိုင်ဘဲ ကူညီချင်တဲ့စိတ်နဲ့ ပြောမိတာမျိုးလေးတွေရှိတယ်။ အဓိကက တွေဝေမနေဘဲ ငြင်းစရာရှိတာ အားမနာတမ်း ငြင်းတတ်ဖို့ အရေးကြီးတယ်။”

ငြင်းဆန်မိလို့ ငြိုငြင်ခံရမှာမကြောက်ပါနဲ့

မိန်းကလေးတွေ အားနာကြတာ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်မလုပ်ပေးနိုင်ဘူး၊ ကိုယ်မကြိုက်ဘူး ၊ ကိုယ်အဆင်မပြေဘူးလို့ ပြောလိုက်တဲ့အခါ တစ်ဖက်လူငြိုငြင်မှာ စိုးကြတာပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ရမှာပါ။ ကိုယ်အဆင်မပြေဘူးငြင်းလိုက်လို့ ငြိုငြင်တတ်တဲ့လူမျိုးနဲ့ အလုပ်တွေဆက်လုပ်ဖို့ ၊ ဆက်လက်ပေါင်းသင်းဆက်ဆံဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါ့ကြောင့် ကိုယ်မကြိုက်တာ ၊ ကိုယ်မလုပ်နိုင်တာကို ရဲရဲဝံ့ဝံ့ငြင်းဆိုပါ။ ဒီလိုငြင်းဆိုလိုက်လို့ ဘာမှမဖြစ်သွားပါဘူး။ လူက ကိုယ့်စိတ် နဲ့ ကိုယ့်ကိုယ် နေ့ရက်တွေကို ရှင်သန်ဖို့ လိုအပ်ပါတယ်။

ဟင့်အင်း လို့ ငြင်းဆိုဖို့ကို လေ့ကျင့်ယူပါ



အားနာတဲ့ စိတ်ကို အရိုးစွဲနေတဲ့ လူတစ်ယောက်အဖို့ ငြင်းဆိုတတ်ဖို့ဆိုတာ အတော် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ဖြေးဖြေးချင်း လေ့ကျင့်ယူမယ်ဆိုရင် အဆင်ပြေပါတယ်။ သေးသေးမွှားမွှားလေးတွေ ကိုယ်မကြိုက်တဲ့အရာလေးတွေကို ဟင့်အင်းလို့ ငြင်းဆိုကြည့်ပါ။ ကျင့်သားရသွားတဲ့အခါ ကိုယ့်ရဲ့ အားနာတတ်တဲ့စိတ်ကို ဖျောက်ပစ်နိုင်ပြီး ကိုယ်မကြိုက်တာ ၊ ကိုယ်မလုပ်ချင်တာတွေကို ငြင်းဆိုဖို့ ရဲလာပါလိမ့်မယ်။

TV Channel တစ်ခုရဲ့ Production Leader တစ်ဦးဖြစ်တဲ့ မကြွယ်ကလည်း အမျိုးသမီးတွေအနေနဲ့ အားနာတတ်တဲ့စိတ်ကို ဘယ်လိုဖျောက်ရမလဲဆိုတာကို Duwun ကနေတစ်ဆင့် ခုလိုဝေမျှပါတယ်။

"မိန်းကလေးအများစုကတော့ အားနာတတ်ကြတယ်.. အားနာကြတယ်ဆိုတာကလည်း ရှက်တဲ့စိတ်ကြောင့်လို့ ထင်တာပဲ.. အဓိကက အဲ့ဒီစိတ်ကို ဖျောက်ဖို့ ကိုယ့်ဘာသာ ယုံကြည်မှုရှိဖို့လိုအပ်တယ်.. မကြောက်ဖို့လည်း လိုအပ်တယ်.. ကားပေါ်မှာ ယောက်ျားတွေ ထိကပါးရိကပါးလာလုပ်ရင်တောင် မိန်းကလေးအများစုက ပြန်ပြောဖို့ အော်ဖို့ကို ရှက်ပြီး အားနာတတ်ကြတယ်...ဘယ်သူ့ကိုမှ အားမနာဘဲ မရှက်ဘဲနဲ့ ရဲရဲရင့်ရင့်နဲ့ ပြန်တုန့်ပြန်တတ်ရမယ်.. မိန်းကလေးတွေက စိတ်ကို ရဲရင့်ပြတ်သားစွာထားတတ်ပြီး အားနာတဲ့စိတ်ကို ဖျောက်တတ်ရမယ်။ဒါပေမယ့်လည်း တစ်ချို့အရာတွေမှာ အားနားသင့်တာမျိုးဆိုရင်လညိး အားနာရမှာပေါ့

မလိုအပ်ပဲ အမြဲရဲရင့်ပီး ယုံကြည်မှုအပြည့်ရှိနေရင်လည်း လူမုန်းမှာပေါ့နော်"

လူတစ်ယောက်အတွက် အထူးသဖြင့် အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ရှင်သန်နိုင်ဖို့ ၊ ကိုယ်မကြိုက်တာ ၊ ကိုယ်မလုပ်ချင်တာကို ရဲရဲဝံ့ဝံ့ငြင်းဆိုရဲဖို့ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုယ်မလုပ်ချင်တဲ့အရာတွေကို အားနာတတ်တဲ့စိတ်ကို ဖျောက်ပြီး ဟင့်အင်းလို့ ငြင်းဆိုကြည့်ဖို့ ထပ်လောင်းတိုက်တွန်းလိုက်ပါရစေ။

Share

Loading Next Article...
က္က