ဝက်စ်ဟမ်းကြယ်ပွင့်တိုက်စစ်မှူး အာနာတိုဗစ်ဟာ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီးနောက် ပရိသတ်တွေကို ေ-ာက်ပါးစပ်ပိတ်ထားလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။ အာနာတိုဗစ်ဟာ အဲဗာတန်အသင်းနဲ့ပွဲစဉ်က ဆိုးရွားတဲ့ခြေစွမ်းကြောင့် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အရန်ခုံတန်းကို ပြန်အရောက်မှာ အာနာတိုဗစ်ဟာ လှောင်ပြောင်နေတဲ့ပရိသတ်တွေဘက်ကိုလှည့်ပြီး တုံ့ပြန်ခဲ့တယ်လို့ တွစ်တာအသုံးပြုသူတွေက ယုံကြည်နေကြတာဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ ပထမပိုင်းက ဇူးမား၊ ဘားနတ်ဒ်တို့သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဝက်စ်ဟမ်းအိမ်ကွင်းမှာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီဟာ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းဟာ အဆင့် ၁၁ နေရာမှာ ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။ အာနာတိုဗစ်ဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအသင်းပရိသတ်တွေရဲ့ ယုံကြည်မှုကျဆင်းခဲ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလက ရှန်ဟိုင်းSIPG အသင်းကို တစ်ပတ်လုပ်ခလစာ ပေါင် ၃ သိန်းနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့တဲ့ အာနာတိုဗစ်ဟာ အဲဗာတန်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယမန်နေ့က ပွဲစဉ်မှာ ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ်။
အာနာတိုဗစ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း သြစတြီးယားအသင်း အစ္စရေးအသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ သြစတြီးယားအသင်းအတွက် ၂ ဂိုးသွင်းယူပေးခဲ့ပေမယ့် ယမန်နေ့က အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းမပြသနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့လှောင်ပြောင်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။