ဘာစီလိုနာဥက္ကဌ လာပေါ်တာက ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေဟာ တပတ်လုပ်ခ ပေါင် (၈) သိန်းထက်တောင် ပိုလိုချင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ အဆိုပါ ပြင်သစ်လက်ရွေးစင် ကြယ်ပွင့်ဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ချိန်ကို ရောက်ရှိနေပါပြီ။
ဒီကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့ ပီအက်စ်ဂျီက ဆက်တိုက်ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်အထိ မအောင်မြင်ခဲ့ပါဘူး။ ကစားသမားအနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ပီအက်စ်ဂျီဘက်က အမ်ဘာပေနဲ့ ပတ်သက်လို့လည်း လက်လျှော့ထားပြီလို့လည်း သိရပါတယ်။
ဒါ့အပြင် လီဗာပူးကလည်း အမ်ဘာပေကို ချဥ်းကပ်ခဲ့သေးတယ်လို့ သိရှိရပေမယ့် ဒီချဥ်းကပ်မှုကို ကစားသမားကိုယ်တိုင်က ပယ်ချထားတယ်လို့လည်း သိရှိရပါတယ်။ ဘာစီလိုနာဟာ ဟာလန်း၊ အမ်ဘာပေတို့ကို စိတ်ဝင်စားခဲ့ပေမယ့် သူတို့ရဲ့ ဘဏ္ဍာရေး အခြေအနေအရ မခေါ်ယူနိုင်ခဲ့ပါဘူး။
ဟာလန်းကလည်း မန်စီးတီးကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး အမ်ဘာပေနဲ့ပတ်သက်လို့လည်း လာပေါ်တာက ပြောကြားခဲ့ပါတယ်။ လာပေါ်တာက “လစာကိစ္စကြောင့် ကျနော်တို့ မခေါ်နိုင်တဲ့ ကစားသမားတွေရှိပါတယ်။ အသင်းရဲ့ လစာတည်ဆောက်ပုံအနေအထားအရ ဒါတွေက နောက်ထပ်မဖြစ်နိုင်တော့ပါဘူး။ ကျနော်တို့ပဲ ပြန်ခံစားရမှာပါ”
“အတိတ်တုန်းက တောင်းတဲ့လစာတွေကို ပေးချေဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အမ်ဘာပေက တနှစ်ကို ယူရိုသန်း (၄၀) ကနေ (၅၀) လောက်အထိ အသားတင်တောင်းတာပါ။ အမ်ဘာပေက ထိပ်တန်းအဆင့် ကစားသမားတယောက်ပါ။ ဒါပေမယ့် သူက ချန်ပီယံလိဂ်ဖလားတော့ မရဖူးပါဘူး”
“တနှစ်လုပ်ခ ပေါင် (၂၅) သန်း၊ သန်း (၃၀)၊ (၄၀) ဆိုတာက ကျနော်တို့ မတတ်နိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အမ်ဘာပေဟာ အနာဂတ်အတွက် ဆုံးဖြတ်တော့မှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ရွေးချယ်ဖို့သာ ရာခိုင်နှုန်းများပြားနေပါတယ်။