ငုယင်ကွမ်ဟိုင်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြင်သစ်လီဂူး-၂ ကလပ်က တရားဝင်ကြေညာခဲ့တာပါ။

ဗီယက်နမ်ဘောလုံးလောကရဲ့ အားထားရတဲ့ ကစားသမား ငုယင်ကွမ်ဟိုင်ဟာ ပြင်သစ်လီဂူး- ၂ ကလပ် ပါအူအသင်းကို ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပါတယ်။ ငုယင်ကွမ်ဟိုင်ဟာ ပါအူနဲ့လည်း ဆေးစစ်မှုတွေပြီးဆုံးခဲ့ပြီး တရားဝင်စာချုပ်ချုပ်ဆိုမှုတွေကိုပါ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။



ဒီကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကိုလည်း ပါအူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တရားဝင်တင်ထားခဲ့ပါတယ်။ ဗီယက်နမ်ကြယ်ပွင့်ဟာ သူ့စိတ်ကြိုက်ကျောနံပါတ်လို့ ပြောရမယ့် ကျောနံပါတ် (၁၉) ကို ပါအူမှာ ဝတ်ဆင်ခွင့်ရရှိမှာပါ။ ငုယင်ကွမ်ဟိုင်မတိုင်ခင် ပါအူမှာ ဒီကျောနံပါတ်ကို ဝတ်ဆင်ခဲ့တဲ့သူက ဗစ်တာလိုဘရီဖြစ်ပါတယ်။

အဆိုပါပြင်သစ်လူမျိုး ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ သွင်းဂိုး (၅) ဂိုးနဲ့ ပါအူရဲ့ တတိယမြောက်ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လိုဘရီက အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အခု ငုယင်ကွမ်ဟိုင်က ဒီကျောနံပါတ်ကို ဆက်လက်ဝတ်ဆင်ခွင့်ရရှိခဲ့တာပါ။

ငုယင်ကွမ်ဟိုင်ဟာ ပါအူနဲ့ (၂) နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့ပြီး နောက်ထပ်တနှစ် စာချုပ်သက်တမ်းတိုးခွင့်ပါရှိပါတယ်။ နှစ်ဖက်လုံးကတော့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို တရားဝင်ဖော်ပြထားခြင်းမရှိပါဘူး။ ဒါပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်ကတော့ ငုယင်ကွမ်ဟိုင်ရဲ့ လစာငွေက မများပြားဘူးလို့ ပြောကြားထားပါတယ်။

အသင်းဘက်က ကစားသမားကို မိတ်ဆက်ပွဲ ခမ်းခမ်းနားနား ပြုလုပ်ပေးမယ်ဆိုထားပေမယ့် ငုယင်ကွမ်ဟိုင်နဲ့ အေးဂျင့်ဘက်က အများအာရုံစိုက်မှုကိုမရလိုတာကြောင့် မိတ်ဆက်ပွဲကို သာမန်သာကျင်းပဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ငုယင်ကွမ်ဟိုင်ဟာ ပဲရစ်မြို့ခံကလပ် ပဲရစ်ကိုရောက်ရှိဖို့ သတင်းတွေထွက်ခဲ့သေးပေမယ့် ပါအူကိုသာ ရောက်ရှိခဲ့တာဖြစ်ပြီး လာမယ့်ရာသီမှာသာ ပါအူတို့ ပြင်သစ်လီဂူးကို တန်းတက်နိုင်ခဲ့ရင် ငုယင်ကွမ်ဟိုင်အနေနဲ့ မက်ဆီ၊ အမ်ဘာပေတို့လို ကမ္ဘာကျော်တွေနဲ့ ကွင်းအတွင်းမှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခွင့်ရရှိနိုင်မှာပါ။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က