PSG တိုက်စစ်ကစားသမား မက်ဆီကတော့ အသင်းဖော် အမ်ဘာပေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားလာခဲ့ပါတယ်။ အမ်ဘာပေဟာ လက်ရှိကလပ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး လာမယ့် ဇန်နဝါရီမှာ အခြားအသင်းတသင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တော့မှာပါ။
ဒီအသင်းကလည်း ရီးရဲယ်မက်ဒရစ်ပဲဖြစ်လာဖို့ရှိပြီး ရီးရဲယ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်က ယူရိုသန်း (၂၀၀) နဲ့ ကမ်းလှမ်းတာတောင် မရောင်းရင်တော့ အလွတ်ခေါ်ယူခွင့်က ပိုကောင်းတာပေါ့လို့ ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် တဖက်မှာလည်း အမ်ဘာပေကို ခေါ်ယူဖို့ လီဗာပူးကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပြီး ရီးရဲယ်မက်ဒရစ်ထက် လုပ်ခလစာပိုပေးကမ်းလှမ်းနိုင်တယ်လို့လည်း ကောလာဟလတွေ ထွက်ခဲ့သေးတာပါ။
ဒါပေမယ့်လည်း လက်ရှိအချိန်မှာ မက်ဆီကတော့ အမ်ဘာပေရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ မက်ဆီက “အမှန်တိုင်းပြောရရင် အမ်ဘာပေရဲ့ အနာဂတ် ဘာဆက်ဖြစ်မလဲ ကျနော် မသိပါဘူး။ သူ့ခေါင်းထဲမှာ ဘာတွေစဥ်းစားနေလဲ၊ ဘာလုပ်ဖို့ရှိလဲဆိုတာကို သူကိုယ်တိုင်ပဲ သိမှာလေ”
“ကျနော် ပြောနိုင်တာ တခုကတော့ အမ်ဘာပေ အသင်းမှာ ပျော်ရွှင်နေပြီး ဒီတနှစ်မှာ ကျနော်တို့နဲ့ရှိနေမှာပါ။ သူက ကျနော်တို့အတွက် အရမ်းကို အရေးပါပြီး အသင်းရဲ့ရည်မှန်းချက်တွေအတွက် တိုက်ပွဲဝင်နေပါတယ်။ နောက်ပြီး ကျနော်တို့ရည်မှန်းချက်ပြည့်ဝဖို့အတွက် သူက အပြည့်အဝ အာရုံစိုက်ထားပါတယ်”
“အဲ့ဒီနောက် ဘောလုံးရာသီကုန်တဲ့အချိန်မှာ သူဘာလုပ်မလဲဆိုတာကို ဆုံးဖြတ်သွားပါလိမ့်မယ်။ အမှန်တရားတခုကိုပြောရရင်တော့ သူ ဘာတွေဆက်လုပ်မလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကျနော် မသိပါဘူး။ ဒါပေမယ့် သူက စပိန်လိုရော၊ အင်္ဂလိပ်လိုရော၊ ပြင်သစ်လိုရော စကားကောင်းကောင်းပြောနေတာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။