ပီအက်စ်ဂျီ ကွင်းလယ်လူ မာကိုဗာရက်တီက သူ့အနေနဲ့ အမ်ဘာပေ ရီးရဲလ်မက်ဒရစ်ကို ရောက်နေပြီဆိုတဲ့ သတင်းတွေကို ဖတ်ရလွန်းလို့ ဖျားတောင်ဖျားနေပြီလို့ ပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း နောက်ဆုံးအချိန်အတွင်းကို ရောက်ရှိနေပါပြီ။
ဒီကစားသမားက သူ့အနာဂတ်ကို မကြာခင်ကြေညာတော့မယ်ဆိုခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ တရားဝင်ကြေညာထားခြင်းမရှိသေးပါဘူး။ သတင်းတွေရဲ့ဖော်ပြချက်အရတော့ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ထားပြီပြီလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့ အမ်ဘာပေအတွက် ယုံကြည်ချက်အပြည့်ရှိနေပြီး ကစားသမားဘက်က တရားဝင်ကြေညာဖို့သာ ကျန်တော့တာပါ။ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှ ကြေညာဖွယ်ရှိပါတယ်။
ဒီလိုမျိုး အမ်ဘာပေရဲ့ သတင်းတွေ အကြိမ်ကြိမ် ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့တော့ ပီအက်စ်ဂျီ ကွင်းလယ်လူ ဗာရက်တီကပါ အခုလိုမျိုး ပြက်ရယ်ပြုလာခဲ့ပါတယ်။ ဗာရက်တီက “ကျနော် နားရက်ရောက်ပြီဆိုတာနဲ့ အမ်ဘာပေတယောက် မက်ဒရစ်ရောက်နေပြီဆိုတာပဲ တွေ့နေရပါတယ်”
“ကျနော်ဖြင့် ဒါတွေကို ကြည့်ပြီး ဖျားနေပါပြီ။ ပြီးရင်တော့ အမ်ဘာပေက ကျနော့်ကို ‘ဘာမှမစိုးရိမ်နဲ့၊ ငါ အားလပ်ရက် အနားယူနေတာ’ ဆိုပြီး ပြောပါတယ်။ ကျနော်တို့မှာတော့ ဒီသတင်းတွေကို အဖြေရှာနေရဆဲပါ။ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ကျနော် သူ့ကို အကြံပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် ဘာစဥ်းစားလဲ အမ်ဘာပေ သိပါတယ်”
“ကျနော်က အကြံကောင်းကောင်း မပေးတတ်ပါဘူး။ ဒီတခုမှမဟုတ်ဘဲ ဘယ်ကိစ္စကိုမဆို ကျနော် အကြံမပေးတတ်တာပါ။ သူနဲ့ပတ်သက်လို့ ဘယ်ဟာက ပိုကောင်းမလဲ သူ့နေရာကနေ မခံစားတတ်ပါဘူး။ ဒါပေမယ့် အမ်ဘာပေကို လက်လွှတ်ရရင်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။