ပီအက်စ်ဂျီဟာ နေမာကို ရောင်းထုတ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပြီဖြစ်ပြီး ဒါဟာ အမ်ဘာပေရဲ့ တောင်းဆိုမှုကြောင့်ဖြစ်တယ်လို့ ဂျာနယ်လစ် ဆာဂျီယိုဆန်းတို့စ်က ရေးသားဖော်ပြခဲ့ပါတယ်။ အမ်ဘာပေဟာ အသင်းနဲ့အတူ (၂၀၂၅) အထိ ဆက်ရှိမယ့် စာချုပ်သစ်တရပ်ကို မနေ့ကပဲ ချုပ်ဆိုခဲ့ပါတယ်။
အမ်ဘာပေအနေနဲ့ အသင်းရဲ့ အားကစားဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်အားလုံးမှာ အဓိကအာဏာရှိပုဂ္ဂိုလ်တယောက်ဖြစ်လာပြီး နည်းပြနဲ့ ကစားသမားအရောင်းအဝယ်တွေကို ကြိုးကိုင်နိုင်မှာပါ။ အကျိုးဆက်အနေနဲ့ ပီအက်စ်ဂျီဟာ ပိုချက်တီနိုနေရာမှာ ဇီဒန်းကို ခန့်အပ်ပေးမယ်လို့ အမ်ဘာပေကို ကတိပေးထားကြောင်းလည်း သိရှိရပါတယ်။
ဒါ့အပြင် အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒို ထွက်ခွာရမှာဖြစ်ပြီး အသင်းဖော် နေမာကိုလည်း ရောင်းချခိုင်းထားတယ်လို့ ဆန်းတို့စ်က ဖော်ပြခဲ့တာပါ။ နေမာဟာ ဒီရာသီမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပြီး ပီအက်စ်ဂျီပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင်နေမာကို ပီအက်စ်ဂျီက ရောင်းချဖို့ အရင်တည်းက သတင်းထွက်ခဲ့ပြီး အခုတခါမှာတော့ အမ်ဘာပေရဲ့ တောင်းဆိုမှုကြောင့် ပိုမိုသေချာလာပြီလို့ သိရှိရပါတယ်။ နေမာရဲ့နေရာမှာတော့ အမ်ဘာပေက ဘာစီလိုနာ တောင်ပံကစားသမား ဒမ်ဘီလီကို ပြန်လည်ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။
ဒမ်ဘီလီဟာ ဘာစီလိုနာနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားဖြစ်ပြီး အမ်ဘာပေနဲ့လည်း ပြင်သစ်လက်ရွေးစင်မှာ အတူတွဲကစားခဲ့ဖူးတာကြောင့် အဆင်ပြေနိုင်ဖွယ်ရှိပါတယ်။ ဒီမတိုင်ခင်တည်းက ပီအက်စ်ဂျီအသင်းတွင်းမှာ ဥရောပသားနဲ့တောင်အမေရိကသားတွေအကြား အားပြိုင်မှုတွေရှိခဲ့တာပါ။
အခု အမ်ဘာပေက အသင်းရဲ့မဏ္ဍိုင်ဖြစ်သွားချိန်မှာ ဒီအားပြိုင်မှုအပေါ်လည်း အကျိုးသက်ရောက်လာနိုင်ပါတယ်။ မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်လို့ အမ်ဘာပေ ဘယ်လို စဥ်းစားထားလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။