မက်ဒရစ်မြို့တော်ဝန်က နောက်ပြောင်သွားခဲ့တာပါ။

မက်ဒရစ်မြို့တော်ဝန် ဟိုဆေးလူးဝစ်မာတီနက်ဇ်အယ်လ်မိုင်ဒါက ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘာပေတယောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ့်အပေါ် ဟာသလုပ်နောက်ပြောင်သွားခဲ့ပါတယ်။ အမ်ဘာပေတယောက် ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ ဆုံးဖြတ်ထားပြီးသားလို့ သတင်းတွေက ဖော်ပြနေပါတယ်။



အမ်ဘာပေနဲ့ပတ်သက်လို့ ပီအက်စ်ဂျီက မနေ့တည်းက လက်လျှော့ခဲ့ပြီး အမ်ဘာပေတယောက် သူ့ရဲ့ ငယ်ဘဝအိပ်မက် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိဖို့ သေချာနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း မက်ဒရစ်မြို့တော်ဝန်က အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်အယ်လ်မိုင်ဒါက “အမ်ဘာပေကိစ္စလား? သူ ကျနော့်ကိုပြောတာတော့ သူ ပြောင်းမှာ အက်သလက်တီကိုတဲ့” ဆိုပြီး နောက်ပြောင်သွားခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေကို ဆက်ထိန်းထားနိုင်ဖို့လည်း ပီအက်စ်ဂျီက ပြင်သစ်ရဲ့လက်ရှိသမ္မတမက်ခရွန်ကို အသုံးချပြီး ကြိုးစားခဲ့ဖူးပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို ကမ္ဘာ့စံချိန်တင်လုပ်ခလစာတွေ၊ ပုံရိပ်အသုံးပြုခွင့်ကို ရာနှုန်းပြည့်ထိန်းချုပ်ခွင့်နဲ့ အသင်းခေါင်းဆောင်ရာထူးအစရှိတဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ဆက်ထိန်းထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိ အမ်ဘာပေကို စာချုပ်သစ်အတွက် စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

အမ်ဘာပေကတော့ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပြီးသလောက်ဖြစ်သွားပြီလို့ဆိုထားပြီး မကြာခင်မှာ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တရားဝင်ကြေညာမယ်လို့လည်း ပြောထားပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် မေ (၂၈) မှာ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုပြောင်းမယ့် သူ့ရဲ့ဆုံးဖြတ်ချက်ကို အဆိုပါဗိုလ်လုပွဲအပြီးမှာ တရားဝင်ကြေညာသွားဖွယ်ရှိပါတယ်။ ဒီကြားထဲမှာ အမ်ဘာပေကို လီဗာပူးက ချဥ်းကပ်ခဲ့သေးတယ်လို့သိရပေမယ့် ကစားသမားကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ထားတာကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က