နေမာက အားလပ်ရက်အပန်းဖြေရင်း ပြဿနာဖြစ်ပွားခဲ့တာပါ။

ပီအက်စ်ဂျီကြယ်ပွင့် နေမာဟာ ပြီးခဲ့တဲ့ပိတ်ရက်အတွင်း နိုက်ကလပ်တစ်ခုရဲ့ အပြင်ဘက်မှာ အမျိုးသားတစ်ယောက်နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး အဲ့ဒီအချိန်မှာ သူ့ရဲ့ အတူနေချစ်သူ ဘရူနာဘီယန်ကာဒီလည်း ပါဝင်ခဲ့ကြောင်း သိရှိရပါတယ်။ နေမာရဲ့ချစ်သူ ဘီယန်ကာဒီဟာ လက်ရှိအချိန်မှာ ရင်သွေးလွယ်ထားရတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။



မွန်ဒိုသတင်းစာရဲ့ ဖော်ပြချက်အရ နေမာတို့ရဲ့ ရန်ပွဲကို အခြားသူတွေနဲ့ နိုက်ကလပ်ရဲ့ လုံခြုံရေးတွေက ဝင်ရောက် ဖျန်ဖြေခဲ့ရကြောင်း သိရှိရပါတယ်။ ဒါ့အပြင် အခုလိုမျိုး နေမာတစ်ယောက် ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကိုလည်း မသိရှိရသေးကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နေမာဟာ မွေးရပ်မြေ ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ Thiaguinho Concert ကိုလည်း တက်ရောက်ခဲ့သေးကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ နေမာဘက်ကလည်း ဒီသတင်းတွေနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ဖြေရှင်းပြောကြားထားတာမျိုး မရှိဘဲ ဒါမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုအနေနဲ့သာ သတ်မှတ်ရမှာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နေမာရဲ့ဒီကိစ္စက ပီအက်စ်ဂျီအတွက် နောက်ထပ် ခေါင်းကိုက်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီမှာ အမ်ဘာပေကို တော်‌တော်လေး ထိန်းချုပ်နေရပြီး အဆိုပါ ကစားသမား ရှာထားတဲ့ ပြဿနာတွေကြောင့် အသင်းတွင်းမှာ ပြဿနာတွေရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

အခုချိန်မှာတော့ နေမာကပါ အားလပ်ရက် အပန်းဖြေရင်း ဘရာဇီးမှာ ရန်ဖြစ်ခဲ့တာကြောင့် ပီအက်စ်ဂျီတာဝန်ရှိသူတွေအတွက်တော့ ဒီနွေရာသီက တော်တော်လေး စိတ်ရှုပ်ဖို့ကောင်းတဲ့ နွေရာသီတစ်ခုဖြစ်ခဲ့ရပါတယ်။ ပီအက်စ်ဂျီအနေနဲ့ တိုက်စစ်သုံးယောက်တွဲမှာ မက်ဆီကို လက်လွှတ်ခဲ့ရသလို အမ်ဘာပေကိုလည်း လက်လွှတ်ဖို့ ပြင်ဆင်နေရပြီး နေမာကလည်း အဝေးတစ်နေရာမှာ ပြဿနာရှာခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က