အမ်ဘာပေနဲ့ ပတ်သက်လို့ လီယိုနာဒိုက ရီးရဲယ်မက်ဒရစ်ကို ထပ်မံထိုးနှက်လာတာပါ။

PSG အားကစားဒါရိုက်တာ လီယိုနာဒိုက အမ်ဘာပေနဲ့ပတ်သက်လို့ မလေးမစားအပြုအမူတွေအတွက် ရီးရဲယ်မက်ဒရစ်တို့ အရေးယူခံရသင့်တယ်လို့ဆိုလိုက်ပါတယ်။ အမ်ဘာပေကို ခေါ်ယူရေးအတွက် ရီးရဲယ်မက်ဒရစ်နဲ့ PSG တို့အကြား ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်သတ္တပတ်ကစလို့ တင်းမာမှုတွေရှိခဲ့တာပါ။



အမ်ဘာပေဟာ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ PSG က ထွက်ခွာခွင့်တောင်းခဲ့ပြီး PSG ကတော့ အမ်ဘာပေကို လက်လွှတ်ခဲ့ခြင်းမရှိပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ရီးရဲယ်မက်ဒရစ်ဘက်က အသင်းပိုင်ရှင် ပီရက်ဇ်၊ နည်းပြ အန်ဆယ်လော့တီ၊ တိုက်စစ်မှူး ဘန်ဇီမာတို့က အမ်ဘာပေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တစ်ယောက်ပြီးတစ်ယောက် အဆင့်ဆင့်ပြောကြားခဲ့ပါတယ်။

ဒါတွေဟာ အမ်ဘာပေကို ရည်ရွယ်ချက်ရှိရှိနဲ့ မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်လို့ PSG ဘက်က ယူဆနေပြီး လီယိုနာဒိုက ရီးရဲယ်မက်ဒရစ်ကို အပြစ်ပေးသင့်တယ်လို့ ဆိုလာတာပါ။ လီယိုနာဒိုက “ရီးရဲယ်မက်ဒရစ်ကတော့ မဟုတ်ဘူးပဲ ငြင်းမှာပေါ့။ ဒါပေမယ့် ကျွန်တော့် စိတ်ထင် သူတို့က အမ်ဘာပေကို အလွတ်ခေါ်လို့ရအောင် လုပ်နေတာပါ”

“သူတို့ အမ်ဘာပေအကြောင်း လူသိရှင်ကြားပြောလာတာ (၂) နှစ်လောက်ရှိပါပြီ။ ဒါ အရေးယူသင့်တဲ့ ကိစ္စပါ။ အမ်ဘာပေကို ရည်ရွယ်ပြီး လေးစားမှုမရှိတဲ့စကားတွေလည်း ပြောခဲ့ပါတယ်။ သူက နယ်နယ်ရရ ကစားသမား မဟုတ်ပါဘူး။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲကတစ်ယောက်ပါ”

“နည်းပြ၊ ဘုတ်အဖွဲ့၊ ရီးရဲယ်မက်ဒရစ် ကစားသမားတွေအားလုံးက အမ်ဘာပေအကြောင်း လိုက်ပြောနေပါတယ်။ ဒါက သူတို့ရဲ့ အကွက်ကျကျ စီစဥ်မှုတစ်ခုဖြစ်နိုင်ပါတယ်။ လေးစားမှုမရှိတဲ့လူတွေပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ လီယိုနာဒိုအနေနဲ့ ရီးရဲယ်မက်ဒရစ်ကို အခုလိုပြောတာ ဒါ ပထမဆုံးမဟုတ်ပါဘူး။

ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က ရီးရဲယ်မက်ဒရစ်တို့ အမ်ဘာပေကို စတင်ကမ်းလှမ်းချိန်မှာ လီယိုနာဒိုက ရီးရဲယ်မက်ဒရစ်ကို ရင့်ရင့်သီးသီး တုံ့ပြန်ခဲ့ဖူးသလို ပြီးခဲ့တဲ့ အောက်တိုဘာ (၆) မှာလည်း ပြင်သစ်သတင်းစာ တစ်စောင်ကို လီယိုနာဒိုက အခုလိုပြောကြားခဲ့သေးတာကြောင့် ဒါနဲ့ဆိုရင် (၃) ကြိမ်မြောက်လို့ဆိုရမှာပါ။

အမ်ဘာပေကတော့ PSG နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး ကစားသမားရဲ့မိခင်ကတော့ အသင်းနဲ့စာချုပ်သစ် ဆွေးနွေးမှုက ခရီးတွင်နေတယ်လို့ဆိုထားတာကြောင့် အမ်ဘာပေရဲ့ အနာဂတ် ဘာဆက်ဖြစ်မလဲ စိတ်ဝင်စားစရာကောင်းနေပါပြီ။ 

Share

က္က