ခီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချိန်မှာ တန်ဟက်က ပရိသတ်ဆီကနေ ပိုက်ဆံတောင်းခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ပုံစံကြည့်ရင် ရုပ်တည်ကြီးနဲ့ လေးလေးနက်နက်ရှိမယ်ထင်ရပေမယ့်လည်း တော်တော်လေး ဟာသလုပ်တတ်တဲ့သူလည်းဖြစ်တယ်ဆိုတာကို ပြသခဲ့ပါတယ်။



ပရိသတ်တစ်ဦးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်နဲ့ ပီအက်စ်ဂျီကြယ်ပွင့် ခီလီယန် အမ်ဘာပေကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အချိန်မှာ တန်ဟက်က ပရိသတ်ဆီကနေ ပိုက်ဆံတောင်းခဲ့တာဖြစ်ပါတယ်။ "ကျွန်တော် ခေါ်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားမှာ ကျွန်တော့်အတွက် ပိုက်ဆံလေးဘာလေးများ ရှိလား"လို့ တန်ဟက်က ဟာသဖောက်ခဲ့တာဖြစ်ပြီး အမ်ဘာပေနဲ့ ဘယ်လင်ဟမ်တို့ဟာ ကမ္ဘာပေါ်မှာ အသင်းတိုင်းက အလိုချင်ဆုံးကစားသမားတွေ ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အပြောင်းအရွှေ့ကောလာဟလတွေကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက်ပိုင်း ဥရောပထိပ်တန်းကလပ်အသင်းအများအပြားက ခေါ်ယူဖို့ ကြိုးပမ်းခြင်းကို ခံနေရတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်ကစားသမားဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ တန်ဖိုးအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေသူဖြစ်ပြီး CIES က ၎င်းရဲ့ ခန့်မှန်းခြေ ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၈၃.၉ သန်းဝန်းကျင်ရှိတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ခီလီယန် အမ်ဘာပေကတော့ ခန့်မှန်းပြောင်းရွှေ့ကြေး ပေါင် ၁၆၈.၅ သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ် ဖိုဒန်က ပေါင် ၁၇၇.၁ သန်းနဲ့ ဒုတိယ၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာက ပေါင် ၁၆၈.၃ သန်း၊ မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက ပေါင် ၁၅၄.၅ သန်းနဲ့ ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ထိပ်ဆုံး ၅ ဦးထဲမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Share

က္က