ယူနိုက်တက်ရဲ့ အားကစားရေးရာ ကိစ္စတွေကို ပဲ့ကိုင်တာဝန်ယူနေတဲ့ ဆာဂျင်မ်ရက်ကလစ်ဖ်က အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမလားဆိုတဲ့ မေးခွန်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေပါပြီ။
ယူနိုက်တက်ရဲ့ ရှယ်ယာတွေကို ရက်ကလစ်ဖ် မဝယ်ယူခင်က ကာတာစော်ဘွားတွေလည်း ယူနိုက်တက်ကို ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်သာ ကာတာလက်ထဲ ရောက်သွားခဲ့ရင် အသင်းအတွက် အမ်ဘာပေတို့လို နာမည်ကြီး ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါပေမယ့် ရက်ကလစ်ဖ်ကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်အမြင်မှာသာရှိနေပါတယ်။ ဗြိတိန်ဘီလျံနာကြီးက “အမ်ဘာပေကို ဝယ်ယူတာက လိမ္မာပါးနပ်တဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ဘယ်သူမဆို ဒါကို ပုံဖော်ကြည့်လို့ရပါတယ်။ ပိုပြီး စိန်ခေါ်မှုရှိတဲ့အချက်က ကျွန်တော်တို့အနေနဲ့ အမ်ဘာပေလက်သစ်တို့၊ ဘယ်လင်ဟမ်လက်သစ်တို့၊ ရွိုင်ကိန်းလက်သစ်တို့ကို ရှာဖွေရတာပါ” လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားပိုင်းအရ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် နည်းပြတန်ဟက်ခ်အပါအဝင် အသင်းမှာရှိတဲ့ ကစားသမား (၁၀) ယောက်လောက်အထိကို ရှင်းထုတ်သွားဖွယ်ရှိပါတယ်။
ဒါပေမယ့်လည်း ရက်ကလစ်ဖ်ကတော့ တန်ဟက်ခ်ကို အသင်းမှာ ဆက်လက်ထားဖွယ်ရှိပြီး ကစားသမားအချို့ကို ထပ်မံအင်အားဖြည့်တင်းဖွယ်ရှိပါတယ်။ လက်ရှိအချိန်အထိတော့ ရက်ကလစ်ဖ်ရဲ့ အပြောင်းအလဲကြောင့် ယူနိုက်တက်တို့ လာမယ့်အပြောင်းအရွှေ့မှာ ဘယ်ကစားသမားကို ပစ်မှတ်ထားမယ်ဆိုတာလည်း အတိအလင်းမရှိသေးပါဘူး။