ဘာစီလိုနာ လာပေါ်တာက အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်တို့ ခေါ်ယူမယ့်အပေါ် ဘာမှမနာလိုဖြစ်စရာ မရှိကြောင်းနဲ့ အမ်ဘာပေကို ခေါ်ယူတာက သူတို့ရဲ့ ပြဿနာကို သူတို့ ဝယ်ယူလိုက်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမ်ဘာပေဟာ လာမယ့််နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာတော့မှာပါ။
ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်၊ အမ်ဘာပေတို့လို ကစားသမားတွေကို တစ်နှစ်ချင်း ခေါ်ယူနေပေမယ့် ဘာစီလိုနာကတော့ နာမည်ကျော် ကစားသမားတွေကို ခေါ်ယူနိုင်ခြင်းမရှိပါဘူး။ အကြောင်းရင်းကတော့ နှစ်သင်းကြား ဘဏ္ဍာရေး ကွာဟချက်တွေကြောင့်ဖြစ်ပြီး ဘာစီလိုနာက အကယ်ဒမီထွက် ကစားသမားတွေကိုသာ အားကိုးနေရပါတယ်။
အမ်ဘာပေနဲ့ ပတ်သက်လို့လည်း လာပေါ်တာက “ကျွန်တော်ကတော့ အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်တို့ ခေါ်ယူသွားတဲ့အပေါ် ဘာမှမနာလိုဖြစ်စရာ မရှိပါဘူး။ နောက်ပြီး သူတို့ တကယ်ခေါ်ယူဖြစ်၊ မခေါ်ယူဖြစ်ကလည်း ကျွန်တော်တို့ မသိရသေးပါဘူး။ စောင့်ကြည့်ရဦးမှာပါ”
‘နောက်ပြီး သူတို့မှာလည်း ပြဿနာရှိလာနိုင်ပါတယ်။ အမ်ဘာပေရောက်လာပြီဆိုတာနဲ့ သူတို့ရဲ့ ကစားသမားတစ်ယောက်ယောက်ကို ရောင်းထုတ်ရတော့မှာပေါ့။ ဟုတ်တယ်မဟုတ်လား? ပွဲထွက်ကစားသမားနှစ်ယောက်က တစ်နေရာတည်းမှာ ကစားနေလို့ မရပါဘူး။ ကိန်းဂဏန်းတွေအကြောင်း ပြောရရင် ဒါက အဝတ်လဲခန်းကို သေချာပေါက် ဒုက္ခပေးမှာပါ”
“အမ်ဘာပေကို ခေါ်လိုက်တာက လက်ဆောင်ရလိုက်တာမျိုးတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ လာပေါ်တာပြောသလိုမျိုးပဲ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူပြီးတဲ့အခါမှာ ဗီနီရှပ်စ်ကို ပြန်လည်လက်လွှတ်ခံဖွယ်ရှိကြောင်း ကောလာဟလတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။