နယူးကာဆယ် နောက်ခံလူ လက်ဆဲလက်စ်က ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲမှာ အမ်ဘာပေကိုယ်တိုင် လာရောက်တောင်းဆိုမှသာ ဂျာစီချင်းလဲသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ နယူးကာဆယ်ဟာ ချန်ပီယံလိဂ် အုပ်စု ဒုတိယပွဲအဖြစ် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာပါ။
နယူးကာဆယ်ဟာ အုပ်စုအဖွင့်ပွဲမှာ အေစီမီလန်ကို အဝေးကွင်းမှာ ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီကတော့ အိမ်ကွင်းမှာပဲ ဒေါ့မွန်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နယူးကာဆယ်ကွင်းမှာ လာရောက် ရင်ဆိုင်မှာဖြစ်ပါတယ်။
ဒီပွဲနဲ့ ပတ်သက်လို့ လက်ဆဲလက်စ်က “ပြိုင်ဘက်ကစားသမားတွေနဲ့ ဂျာစီချင်းလဲဖို့က ကျွန်တော်တို့ ပြောနေတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အခုချိန်မှာ ပွဲအတွက် နည်းပြရဲ့ ပြင်ဆင်မှုတွေကိုပဲ ကစားသမားတွေအနေနဲ့ အာရုံစိုက်ထားပါတယ်။ အစီအစဉ်အတိုင်း ကစားနိုင်ဖို့၊ ပွဲကို အနိုင်ကစားဖို့ ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ဒါကပဲ ကျွန်တော်တို့ ပြင်ဆင်နေတဲ့အရာပါ။ အခြားကြယ်ပွင့်နာမည်တွေ၊ ကိစ္စတွေကို စိတ်မဝင်စားပါဘူး”
“အမ်ဘာပေကသာ ကျွန်တော့်ကို ဂျာစီချင်းလဲဖို့ လာတောင်းဆိုမယ်ဆိုရင်တော့ လဲပေးမှာပါ။ ဒါတောင် ဥမင်လိုဏ်ခေါင်းထဲ ရောက်မှပါ။ ကွင်းထဲမှာတော့ ကိုယ့်အုလပ်ကိုယ် လုပ်ရပါလိမ့်မယ်။ အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ကောင်းဖြစ်နိုင်ပါတယ်”
“ဒါပေမယ့် ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်ဆန်ဖို့ လိုအပ်ပြီး ဒီအတွက်ပဲ ကျွန်တော်တို့ ရှိနေတာပါ။ အခုချိန်မှာတော့ ကိုယ့်အလုပ်ကိုယ် ပြီးအောင်လုပ်ဖို့ပဲ ရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ပါဝင်နေတဲ့ အုပ်စုဟာ ဒီရာသီ ချန်ပီယံလိဂ်ရဲ့ မရဏအုပ်စုဖြစ်ပြီး ပီအက်စ်ဂျီ၊ အေစီမီလန်၊ ဒေါ့မွန်တို့ ပါဝင်နေခဲ့တာပါ။