အာဂျင်တီးနားလက်ရွေးစင်ကြယ်ပွင့် ယူလီယန် အယ်လ်ဗာရက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ချီလီလက်ရွေးစင်တိုက်စစ်မှူးဟောင်း အီယန် ဇာမိုရာနိုရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။
ဇာမိုရာနိုက အယ်လ်ဗာရက်ဇ်ဟာ ကမ္ဘာပေါ်မှာ အပြီးပြည့်စုံဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေပြီး ခီလီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့လို ကစားသမားတွေထက်တောင် သာလွန်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်က သမားရိုးကျ အထောင်တိုက်စစ်မှူးဖြစ်ခဲ့ပြီး ဘယ်သူမှ ထပ်မရှိတော့တဲ့ကစားသမားမျိုးတွေထဲက တစ်ဦးပါ။ ဒီနေ့ လက်ရှိ ဘောလုံးလောကထဲမှာဆိုရင် ကျွန်တော့်အတွက်တော့ ယူလီယန်က အပြီးပြည့်စုံဆုံးအဖြစ် တည်ရှိနေပုံပေါ်ပါတယ်"
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းက အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးရဲ့ အမျိုးမျိုးသော အားသာချက်တွေကို မီးမောင်းထိုးပြခဲ့ပြီး "သူက အရာအားလုံးကို ကောင်းကောင်း လုပ်နိုင်တဲ့ကောင်လေးပါ။ သူက တောင်ပံမှာလည်း အရမ်းကောင်းကောင်း လုပ်နေတယ်။ သူက ပထမဆုံး နောက်ခံလူပဲ။ သူက သူ့ရဲ့အသင်းဖော်တွေနဲ့အတူ စည်းလုံးညီညွတ်ခဲ့တယ်။ သူက သူ့ရဲ့ခေါင်းနဲ့လည်း ကောင်းကောင်း ကစားနိုင်တယ်။ သူ ညာဘက်ကနေရော ဘယ်ဘက်ကနေပါ ကောင်းကောင်း ကန်သွင်းနိုင်တယ်"
"သူက အကွာအဝေး အနီးအဝေးမရွေး ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုရှိပြီး အဲဒါကို ခရိုးအေးရှားနဲ့ပွဲက သူ့ရဲ့ဂိုးမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ ဇာမိုရာနိုက အာဂျင်တီးနားလူငယ်ကြယ်ပွင့်ဟာ ခီလီယန် အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့ထက်တောင် ပြီးပြည့်စုံတဲ့ ကစားသမားဖြစ်တယ်လို့လည်း ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။
"ဟာလန်းက တောင်ပံမှာဆို မကောင်းမွန်ဘူး။ အမ်ဘာပေကို ကျွန်တော်တို့ ကျောနံပါတ် ၉ အဖြစ် မြင်တွေ့ခဲ့ဖူးပြီး သူ များများစားစားတော့ မကစားခဲ့ပါဘူး။ အဲဒါတွေအားလုံးကို ယူလီယန်က လုပ်နေပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ယူလီယန် အယ်လ်ဗာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းကို ၂၀၂၁-၂၀၂၂ ရာသီလယ်မှာ ၄ နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့ တတိယမြောက် ကမ္ဘာ့ဖလားအောင်ပွဲမှာ အဓိကကစားသမားတွေထဲက တစ်ဦးအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။