ပီအက်စ်ဂျီ တိုက်စစ်ကစားသမား နေမာဟာ အသင်းကနေ ထွက်ခွာဖို့အတွက် ပီအက်စ်ဂျီထံ အသိပေးခဲ့ကြောင်း သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ရာသီကလည်း ပီအက်စ်ဂျီပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ပြင်သစ်သတင်းဌာနရဲ့ ဖော်ပြချက်အရ နေမာဟာ လက်ရှိနွေရာသီမှာတင် အသင်းကနေ ထွက်ခွာလိုကြောင်း ပီအက်စ်ဂျီအုပ်ချုပ်မှုအဖွဲ့ထံ အသိပေးခဲ့ကြောင်း သိရှိရပါတယ်။ ဒါဟာ ပီအက်စ်ဂျီ တာဝန်ရှိသူတွေအတွက်တော့ ခေါင်းကိုက်စရာဖြစ်ခဲ့ပြီး အမ်ဘာပေနောက်ပိုင်း နောက်ထပ် ကြယ်ပွင့်တစ်ယောက်ရဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။
အမ်ဘာပေဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ငြင်းဆန်ထားပြီး လာမယ့်နွေရာသီမှာလည်း အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘူးလို့ အတည်ပြုထားပါတယ်။ အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီက စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ အမ်ဘာပေကို လက်ရှိနွေရာသီမှာ ရောင်းချဖို့ အပူတပြင်း ကြိုးစားနေရပါတယ်။
ဒါပေမယ့် အမ်ဘာပေကိုယ်တိုင်က ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ငြင်းဆန်ထားတာကြောင့် ပီအက်စ်ဂျီတို့ အခက်တွေ့နေရပြီး လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။ ဒီလိုအချိန်မျိုးမှာပဲ နေမာကပါ ထွက်ခွာခွင့် တောင်းခံလာခဲ့ပြီး ဒီကစားသမားကို ခေါ်ယူဖို့ အသင်းဟောင်း ဘာစီလိုနာနဲ့ ယူနိုက်တက်တို့က ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
ဘာစီလိုနာဟာ လက်ရှိနွေရာသီမှာ မက်ဆီကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ နေမာကိုသာ ခေါ်ယူခွင့်ရှိခဲ့ရင် ပြန်လည်ခေါ်ယူနိုင်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက်ကလည်း အသင်းကိုသာ ကာတာလက်ထဲ ရောင်းချနိုင်ခဲ့ရင် ကြယ်ပွင့်တွေနဲ့ အားဖြည့်ဖွယ်ရှိပြီး နေမာက ယူနိုက်တက်ပိုင်ရှင်သစ်တွေ ခေါ်ယူနိုင်တဲ့ ကစားသမားအဖြစ် ထင်ကြေးပေးခံထားရပါတယ်။