ရိုက်ကွင်းမှာ သားလေးအတွက် စိတ်ပူခဲ့ရပေမယ့် သားသားကတော့ ပျော်လို့နေပါတယ်။ အနုပညာအလုပ်တွေ နားထားတဲ့ နန်းမြတ်ကတော့ သားသားနဲ့အတူ ကြော်ငြာတွေ ပြန်ရိုက်နေပါပြီ။
Photo : နန်းမြတ်
ကိုယ်ဝန်လွယ်ပြီးကတည်းကအနုပညာအလုပ်တွေကို ခဏနားထားလိုက်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ လက်ရှိမှာ သားသားနဲ့အတူ အနုပညာအလုပ်တွေ ပြန်လုပ်လို့ နေပါပြီ။ သားလေးနဲ့အတူ သြဂုတ်လ(၂၅) ရက်နေ့က ကလေးအသုံးအဆောင်ပစ္စည်းကြော်ငြာကို သားသားနဲ့အတူ ရိုက်ကူးနေတာ တွေ့ရပါတယ်။
“နန်းမြတ်ကတော့ အခုသားသားလေးနဲ့ ကြော်ငြာလေးတွေ ရိုက်ဖြစ်နေတယ်။ ဒိုက်ဘာကြော်ငြာလေးပေ့ါ။ အနုပညာအလုပ်တွေကတော့ အဲ့လိုလေးတွေတော့ ပြန်လုပ်ဖြစ်မယ်။ ရုပ်ရှင်ရိုုက်တာ ကတော့ မလုပ်ဖြစ်ဘူး။ရုပ်ရှင်ရိုက်ကျတော့ ရက်ရှည်လို့။ ကြားထဲမှာ ဓာတ်ပုံရိုက်တွေ ကြော်ငြာတွေ ပြန်ရိုက်ဖြစ်မယ်” လို့ သူမက Duwun Media ကို ပြောပါတယ်။
Photo : နန်းမြတ်
အနုပညာအလုပ်တွေ ပြန်လုပ်ချိန်မှာ သားလေးနဲ့အတူတူ ပြန်လုပ်ခွင့်ရတဲ့ သူမရဲ့ ခံစားချက်ကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။
“သားသားနဲ့အတူ ရိုက်ရတဲ့ ခံစားချက်ကတော့ နန်းမြတ်က ကိုယ်လက်ခံထားတဲ့ အလုပ်ပေါ်မှာ အဆင်ပြေချင်တယ်။ တာဝန်ကျေချင်တယ်။ ရိုက်ကွင်းမှာက သားသားနဲ့ အဆင်ပြေပ့ါမလားဆိုပြီးပူရတယ်။ ကိုယ်ကသာ စိတ်က ပူနေတာ ။ သူကတော့ ပျော်နေတာ ။ လူတွေ များပြီးသူက ပျော်နေတာ။ ရွှင်ရွှင်မြူးမြူးလေး ရှိတော့ ရိုက်ရတာ အဆင်ပြေတယ်။ မြန်မြန်လေး ပြီးသွားတယ်။ နန်းမြတ်က အဲ့လိုတောင် မထင်ထားဘူး” လို့ သူမက ဆက်လက်ပြောပြခဲ့ပါတယ်။
Photo : နန်းမြတ်
နန်းမြတ်ဖြိုးသင်းရဲ့ သားလေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလေးပါ။ နန်းမြတ်ကတော့ သူမကိုသာမက သားသားကိုပါ ချစ်ပေးတဲ့ ပရိသတ်ကြီးတွေကို အရမ်းကို ကျေးဇူးတင်လို့နေပါတယ်။
သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း (Nann Myat Phyo Thin) ဟာ ချစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၂၆) ရက်နေ့က လပ်ထပ်ခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပြီး မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇) ရက်နေ့ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်စွာပြုလုပ်ခဲ့တာပါ။နန်းမြတ်ဖြိုးသင်းဟာ သားဦးလေးကို ၂၀၁၉ခုနှစ်၊ ဧပြီလ(၁၂) ရက်နေ့က ဂရန်းဟန်သာ ဆေးရုံကြီးမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။