ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ဂျရုန်းရိုသန်ကတော့ ဘိုင်ယန်မြူးနစ်ကို အရေးနိမ့်ခဲ့ပြီးနောက် မက်ဆီကို ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေပြုလုပ်လိုက်ပါတယ်။ မက်ဆီရဲ့ ဆိုးရွားလှတဲ့ စွမ်းဆောင်ရည်အတွက် ရိုသန်က မကျေမနပ်ဖြစ်နေပြီး လက်ရွေးစင်အသင်းမှာကစားပုံနဲ့ တခြားစီပဲလို့ ပြစ်တင်ခဲ့ကာ အသင်းငယ်တွေကိုပဲ ဂိုးသွင်းနိုင်တာလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ဘိုင်ယန်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၀ နဲ့ အရေးနိမ့်ခဲ့ပြီး နှစ်ကျော့စလုံးမှာ တဂိုးတောင်မသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီလည်း အသင်းကို ကယ်တင်နိုင်ခြင်းမရှိခဲ့ဘဲ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရကာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ပထမဆုံးကြိမ်အဖြစ် ၂ ရာသီဆက်တိုက်ထွက်ခွာရမှုနဲ့လည်း ရင်ဆိုင်လိုက်ရပါတယ်။
ရိုသန်က "မက်ဆီ၊ ငါတို့ လိုချင်တာ အဲဒါမျိုးမဟုတ်ဘူး၊ သူက ဒီအသင်းမှာ ပါဝင်ချင်နေတာမဟုတ်ဘူးဗျ၊ အသင်းမှာ သူက အထိုင်ကျနေပြီလို့ ပြောပေမယ့် ဘယ်လိုပုံစံနဲ့ လိုက်လျောညီထွေဖြစ်နေတာလဲ? ဒီရာသီမှာ မင်း သွင်းဂိုး ၁၈ ဂိုးနဲ့ ဖန်တီးမှု ၁၆ ကြိမ်လုပ်ထားတယ်ဆိုတာ အန်ဂါစ်နဲ့ ကလဲယာမောင့်အသင်းတွေကိုလား၊ ဒီလိုအရေးကြီးပွဲတွေဆိုရင် သူ ပျောက်နေပါပြီ"
"ရယ်စရာကောင်းတာက ကမ္ဘာ့ဖလားမှာ သူကစားတဲ့ပွဲတွေကို ကျနော်တွေ့ဖူးပါတယ်၊ သူ့ရဲ့ လှုပ်ရှားမှုတွေ၊ သူ့ကိုယ်သူ မြုပ်နှံထားမှုတွေကို မြင်ခဲ့ရတယ်၊ ဒါက နိုင်ငံအသင်းဂျာစီဝတ်ပြီး ကစားတာဖြစ်လို့ ကျနော်စိတ်မဆိုးပါဘူး၊ ဒါပေမယ့် သူ ကလပ်ကို လေးစားရမယ်၊ သူ့ကိုအခုပေးထားတဲ့ အဆင့်အတန်းနဲ့ လစာကို ပီအက်စ်ဂျီကပဲ ပေးနိုင်တာပါ"
"မက်ဆီက သူတို့ကို ချန်ပီယံလိဂ်ဖလားရအောင် လုပ်ပေးနိုင်မယ်လို့ ထင်နေခဲ့တဲ့ ပီအက်စ်ဂျီက အခုဆိုရင် သူ့ခြေရင်းမှာ ပြိုလဲသွားခဲ့ပါပြီ၊ သူက ကျနော်တို့အတွက် ဘာတခုမှ မပေးခဲ့ပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီကိုရောက်ပြီး ၂ နှစ်အတွင်းမှာ ၂ နှစ်စလုံး ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကိုမကျော်ခဲ့တာဖြစ်ပါတယ်။