ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က ဆင်ခုံတိုင်ကျေးရွာနားမှာ ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်စောပိုင်းက ခရီးသည်တင် express ကားတစ်စီး ဝါယာရှော့ခ်ဖြစ်ပြီး ကားတစ်စီးလုံးမီးလောင်ကျွမ်းခဲ့တာကြောင့် ကားပေါ်တင်ဆောင်လာတဲ့ ကုန်ပစ္စည်းအားလုံးနဲ့ ကားပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါ ဝါယာရှော့ခ်ကြောင့် ကုန်ပစ္စည်းတွေနဲ့ ကားတစ်စီးလုံး ပျက်စီးထိခိုက်မှုရှိခဲ့ပြီး ခရီးသည်တွေကတော့ ဘေးလွတ်ရာကိုရှောင်တိမ်းနိုင်ခဲ့တလို့ ထိခိုက်တာမျိုး မရှိခဲ့ဘူးလို့သိရပါတယ်။
" ကားက ဝါယာရှော့ခ်ဖြစ်ပြီး ပစ္စည်းတွေ မီးလောင်တဲ့ထဲ ပါသွားတယ်။လူတွေကတော့ အထိခိုက်မရှိပါဘူး။ ဘေးကင်းတယ်ပေါ့။ ပစ္စည်းကတော့ အကုန်ကို ပျက်စီးသွားတယ် ၊ ရန်ကုန်ကနေ စစ်တွေ သွားတဲ့ကားပါ။ ကားလည်းရစရာကိုမရှိပါဘူး " လို့ ဒေသခံ ပရဟိတသမားတစ်ဦးက ပြောပါတယ် ။
ဓာတ်ပုံ - စွမ်းအား
အဆိုပါ ကားမှာ ရန်ကုန်ကနေ စစ်တွေကို မောင်းနှင်လာတဲ့ ချမ်းမြေ့ခရီးသည်တင်မှန်လုံကားဖြစ်ကြောင်း၊ကားပေါ်မှာ ယာဉ်မောင်း အပါအဝင် ခရီးသည်စုစုပေါင်း ၂၀ ဦးဝန်းကျင် ပါရှိတယ်လို့သိရပါတယ်။
ကားမီးလောင်မှူဖြစ်ပြီးနောက်ခရီးသည်တွေကို တခြားကားတစ်စီးနဲ့ ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် ။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက် နေ့ကလည်း အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနားမှာ ခရီးသည်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး တောင်အောက်ကိုထိုးကျကာ ကားပေါ်ပါ လူ ၄ ဦးသေဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။