လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်က ချယ်လ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ်နဲ့ ကစားရမယ့် ပွဲအတွက် သူတို့အကြီးအကျယ်မျှော်လင့်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီလိုပြောဆိုရင်းနဲ့ အန်ဖီးလ်ကနေ ငါတို့စောင့်နေမယ်လို့လည်း သူက အာဆင်နယ်ကို သတိပေးခဲ့ပြီး အနိုင်ရဖို့အတွက် အားခဲထားတယ်လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီက ဖလားလေးလုံးအထိ မျှော်လင့်နိုင်တဲ့ အခြေအနေမှာရှိခဲ့တဲ့ လီဗာပူးလ်ဟာ လက်ရှိမှာတော့ ယူရိုပါလိဂ်ဝင်ခွင့်ရဖို့တောင်မှ ရုန်းကန်ရမယ့် အနေအထားမှာရှိနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်နေပြီး အဆင့် ၈ နေရာကို ရောက်ရှိနေကာ အဆင့် ၆ က ဘရိုက်တန်နဲ့ ၃ မှတ်ကွာဟနေတာဖြစ်ပါတယ်။
ကလော့ပ်က "နောက်ပွဲက အာဆင်နယ်နဲ့ပါ၊ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်က ဘယ်အဆင့်မှာရှိခဲ့လဲ ကျနော်မသိဘူး၊ ဒါပေမယ့် သူတို့က အခု အမြင့်ပျံနေတာ ထင်ရှားပါတယ်၊ တကယ်ကို ကောင်းမွန်လွန်တဲ့ ပုံစံနဲ့ပါ၊ အရမ်းကောင်းအောင်လည်း ကစားပြနေပြီး ရိုးရိုးသားသားပြောရရင် သူတို့ပွဲကို ကြည့်ရတာ အရမ်းမိုက်ပါတယ်"
"ဒါပေမယ့် အန်ဖီးလ်မှာ ကစားရမှာပါ၊ အိမ်ကွင်းပွဲဖြစ်ပြီး ကျနော်တို့ရဲ့ အိမ်ကွင်းမှတ်တမ်းက အဝေးကွင်းရလဒ်တွေလောက် အရမ်းအဆိုးကြီးမဟုတ်ပါဘူး၊ ဆိုလိုတာကတော့ ဒီပွဲကို ကျနော်တို့ မျှော်လင့်ထားတယ်ဆိုတာပါပဲ၊ ဘာလို့လဲဆိုတော့ ဒီနေ့ညပွဲမှာ အသင်းက မှန်ကန်တဲ့ ခြေလှမ်းတခုကို သွားနိုင်ခဲ့လို့ပါ"
"အန်ဖီးလ်ကနေ စောင့်နေပါ့မယ်၊ နောက်ထပ် ၁၀ပွဲကစားရမှာဖြစ်ပြီး အာဆင်နယ်နဲ့က တပွဲပေါ့၊ ဒီပွဲက ခက်ခဲမယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် အနိုင်ရနိုင်ပါတယ်၊ အဲလိုမှမဟုတ်ရင် အာဆင်နယ်က ကျနော်တို့ကို ကျော်ဖြတ်သွားမှာပါ၊ စောင့်ကြည့်တာပေါ့၊ ၁၀ ပွဲကစားဖို့ရှိနေပေမယ့် အာဆင်နယ်နဲ့ပွဲကိုပဲ ကျနော်စိတ်ဝင်စားနေပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။