ဂျရတ်ဟာ သူ့ရဲ့ကစားသမားဘ၀တခုလုံးနီးပါး ကစားပေးခဲ့တဲ့ လီဗာပူးလ်ကို နည်းပြအဖြစ်နဲ့ ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီအတွက်လည်း စိတ်လှုပ်ရှားနေဟန်ရှိပါတယ်။
အန်ဖီးလ်ကို ပြန်လာရတော့မယ့် အခိုက်အတန့်မှာ နိုင်ပွဲရယူနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်ရဲ့ ဆုဖလားအိပ်မက်ကို ဗီလာက ဖျက်စီးနိုင်လိမ့်မယ်လို့ နည်းပြစတီဗင်ဂျရတ်က ယုံကြည်နေပါတယ်။ ဂျရတ်ဟာ သူ့ရဲ့ကစားသမားဘ၀တခုလုံးနီးပါး ကစားပေးခဲ့တဲ့ လီဗာပူးလ်ကို နည်းပြအဖြစ်နဲ့ ပထမဆုံးအကြိမ်ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပြီး ဒီအတွက်လည်း စိတ်လှုပ်ရှားနေဟန်ရှိပါတယ်။
သူ့လက်ထက်မှာ ဗီလာကို ၄ ပွဲကိုင်တွယ်ထားရာမှာ ၃ပွဲအထိ အနိုင်ရအောင် ဂျရတ်က စွမ်းဆောင်ပေးထားပြီးဖြစ်ပါတယ်။ အမှတ်ပေးဇယားဒုတိယနေရာမှာရှိနေတဲ့ လီဗာပူးလ်ကို အဝေးကွင်းမှာ သွားရင်ဆိုင်ရမှာဖြစ်ပေမယ့်လည်း ဖိအားတွေက အိမ်ရှင်ဆီမှာသာရှိနေပြီး ဗီလာအတွက်တော့ ဖိအားကင်းကင်းနဲ့ ကစားနိုင်လိမ့်မယ်လို့ ဂျရတ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
"လီဗာပူးလ်အပေါ်မှာ ဖိအားတွေပိုရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ သူတို့က အမှတ်ပေးဇယားမှာ ဘယ်နည်းနဲ့မဆို ရမှတ်တွေအလျော့ခံမှာမဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ ကျွန်တော်တို့လိုအပ်ပြီး ခြေစွမ်းမြင့်မားတဲ့ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိင်တယ်ဆိုတာကိုလည်း ယုံကြည်ထားသင့်ပါတယ်၊ ၄ ပွဲမှာ ၃ ပွဲအနိုင်ရပြီး အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်၊ အန်ဖီးလ်မှာသာ ကျွန်တော်တို့အနိုင်ရခဲ့မယ်ဆိုရင် လူတိုင်းက ကိုယ့်ကိုကိုယ်အရမ်းကောင်းတယ်လို့ ခံစားရပါလိမ့်မယ်"
"အန်ဖီးလ်မှာ အရမ်းအံ့အားသင့်စရာကောင်းတဲ့ အမှတ်တရတွေရှိပါတယ်၊ နှစ်ပေါင်းများစွာလည်း အဲဒီမှာ နေထိုင်ခဲ့တာပါ၊ ဒါပေမယ့် တချိန်တည်းမှာပဲ ကျွန်တော့်ရဲ့ အလုပ်အပေါ် ကျွန်တော်လေးစားမှုရှိရပါလိမ့်မယ်၊ အဲဒီကို ဗီလာနည်းပြအဖြစ်နဲ့ ကျွန်တော်သွားမှာဖြစ်ပြီး အဝေးကွင်းကနေ အမှတ်တွေရဖို့ ကြိုးစားသွားမှာပါ၊ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး အသင်းကို အကောင်းဆုံးပံ့ပိုးပေးသွားမယ်၊ အဲဒီကို အနိုင်ရဖို့ သွားမှာပါ" လို့ ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲကိုတော့ ဒီနေ့ည မြန်မာစံတော်ချိန် ည ၉း၃၀ နာရီမှာ ကစားသွားမှာဖြစ်ပါတယ်။