ယူနိုက်တက်ဂိုးသမား အိုနာနာက အန်ဖီးလ်ကွင်းရဲ့ Atmosphere က သူ့အတွက်တော့ ဘာမှမခံစားရကြောင်း ပြောကြားသွားခဲ့ပါတယ်။ မနေ့ညက လီဗာပူးနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ခဲ့ရတဲ့နောက် အိုနာနာက အခုလိုမျိုးပြောကြားခဲ့တာပါ။
ဒီပွဲမှာ အိုနာနာက လီဗာပူးတို့ ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေးတွေကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ ဂိုးပြတ်နိုင်မယ်လို့ အားလုံးက ခန့်မှန်းခဲ့ကြပေမယ့် လက်တွေ့မှာတော့ ယူနိုက်တက်က သရေတစ်မှတ် ခွဲယူသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အိုနာနာက “အန်ဖီးလ်ရဲ့ atmosphere က ကျွန်တော့်အတွက်တော့ ဘာမှမခံစားရပါဘူး။ ယူနိုက်တက်မှာ ကစားရင် ဒါမျိုးတွေက ကြုံတွေ့ရမှာဖြစ်ပြီး ကျွန်တော့်အနေနဲ့ အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်နေရမှာပါ။ ဖိအားများတဲ့ ပွဲကြီးတွေကို ကျွန်တော် ကစားနေကျပါပဲ”
“ကျွန်တော် ပြောခဲ့သလိုပါပဲ။ အန်ဖီးလ်မှာ ကစားရတာ ကောင်းပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ ကစားသမားကောင်းတွေရှိတယ်ဆိုတာကို ပြရပါမယ်။ ယူနိုက်တက်မှာဆိုရင်တော့ ခင်ဗျား သေချာပေါက် အနိုင်ရဖို့ ကြိုးစားရမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အိုနာနာဟာ ဒီပွဲမှာ ဗန်ဒိုက်ချ်ရဲ့ အပိုင်အခွင့်အရေးတစ်ကြိမ်အပါအဝင် လီဗာပူးရဲ့ တိုက်စစ်ဆင် ထိုးဖောက်မှုတွေကို အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ အိုနာနာဟာ ဒီပွဲရလဒ်ကြောင့် ပရီးမီးယားလိဂ်မှာ နောက်ထပ် ပေးဂိုးမရှိတဲ့ပွဲတစ်ပွဲကို ရရှိခဲ့ပါတယ်။