အရေးကြီးပွဲစဉ်အတွက် တန်ဟက်ဂျ်က ယုံကြည်မှုပြည့်၀နေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျ်က အန်ဖီးလ်မှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်က သူ့အတွက်တော့ ဘာမှကွဲပြားခြားနားမှုမရှိဘဲ အခြားသောပွဲစဉ်တွေလိုသာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ ဒီတပတ်မှာ ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူတို့ရဲ့ အမှတ်ပေးဖလားမျှော်လင့်ချက်အနည်းငယ်အတွက် အရေးပါတဲ့ပွဲလည်းဖြစ်ပါတယ်။ 

ဒါပေမယ့် တန်ဟက်ဂျ်ကတော့ ဒီပွဲမှာ ရလဒ်ကောင်းယူဖို့အတွက် သူတို့အားလုံးအသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ တဖက်မှာလည်း လီဗာပူးလ်နည်းပြယာဂင်ကလော့ပ်က ပထမအကျော့က အရေးနိမ့်ခဲ့ရတဲ့ရှုံးကြွေးကို ပြန်ဆပ်ဖို့ အားခဲထားပြီး အိမ်ကွင်းမှာ ယူနိုက်တက်ကို တိုက်ပွဲတပွဲ တိုက်ခိုက်နေရသလိုဖြစ်အောင် ဖန်တီးသွားမယ်လို့ ပြောထားပါတယ်။ 

တန်ဟက်ဂျ်က "အန်ဖီးလ်မှာ ကစားရလည်း ကျနော့်အတွက် ဘာမှကွဲပြားတာမျိုးမရှိပါဘူး၊ အန်ဖီးလ်က တခြားနေရာတွေက ကွင်းတွေနဲ့ အရွယ်အစားအတူတူပါပဲ၊ ပြီးတော့ ဒိုင်လူကြီး ၃ ယောက်၊ စတုတ္ထဒိုင်ပါမယ်၊ ဘောလုံးတလုံးတည်းပါ၊ ဒါကြောင့် ကျနော်တို့က ပွဲကို ကိုယ့်အတွက်ဖြစ်အောင် လုပ်ဖို့ပါ၊ ထိပ်တန်းပြိုင်ဘက် ၄ သင်းကို အဝေးကွင်းမှာ အနိင်ယူပြီး နောက်တဆင့်တက်လှမ်းရမှာဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ပထမအကျော့အိမ်ကွင်းတုန်းက လီဗာပူးလ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲကစတင်ကာ အသင်းက ပုံစံကောင်းစတင်ရရှိလာခဲ့တာ လက်ရှိအချိန်ထိဖြစ်ပါတယ်။ အခုဆိုရင် ကာရာဘောင်ဖလားကို ရယူထားနိုင်ခဲ့ပြီး ဖလားလေးလုံးလမ်းကြောင်းပေါ်မှာ ရှိနေကာ နိုင်ပွဲတွေလည်း ဆက်တိုက်ရယူထားနိုင်ခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ ဒီရာသီမှာ ရလဒ်တွေဆိုးရွားနေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ တော်တော်လေးကို ရုန်းကန်နေရပါတယ်။ လက်ရှိမှာတော့ နိုင်ပွဲတွေ ခပ်စိပ်စိပ်ပြန်လည်ရရှိလာပြီး တိုက်စစ်ပိုင်းမှာ ဆာလာ၊ ဂက်ခ်ပိုနဲ့ ဒါဝင်နူနက်ဇ်တို့လည်း ဂိုးသွင်းခြေတွေ့နေလို့ ယူနိုက်တက်နဲ့ပွဲက တကယ်အကြိတ်အနယ်ရှိလာမှာဖြစ်ပါတယ်။ 


Share

က္က