ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက ပြီးခဲ့တဲ့ အင်္ဂါညက ကစားခဲ့တဲ့ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ သူ့အတွက် အားပေးခဲ့တဲ့ လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်စကားပြောကြားလိုက်ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် (၇) မိနစ်အရောက်မှာ လီဗာပူးပရိသတ်တွေက ရော်နယ်ဒိုအတွက် လက်ခုပ်တီးအားပေးခဲ့တာပါ။
ရော်နယ်ဒိုဟာ လီဗာပူးနဲ့ပွဲ ကစားဖို့ (၂၄) နာရီဝန်းကျင်သာ လိုတော့ချိန်မှာ သူ့ရဲ့ နောက်ဆုံးအမြွှာထဲက သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဆိုးကြောင့်ပဲ ရော်နယ်ဒိုက လီဗာပူးနဲ့ အဝေးကွင်းပွဲကို လွဲချော်ခဲ့ပါတယ်။
လီဗာပူးနဲ့ယူနိုက်တက်ပွဲမှာ နှစ်ဖက်ကစားသမားတွေနဲ့နည်းပြတွေက ရော်နယ်ဒိုရဲ့သားလေးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် လက်ပတ်အမည်း ဝတ်ဆင်ခဲ့ကြပါတယ်။ လီဗာပူးပရိသတ်တွေကလည်း ပွဲကစားချိန် (၇) မိနစ်မှာ သူတို့ရဲ့ Trademark သီချင်းဖြစ်တဲ့ “You’ll never walk alone” သီချင်းကို သီဆိုပြီး ရော်နယ်ဒိုအတွက် တမိနစ်ကြာ လက်ခုပ်တီးအားပေးခဲ့ကြတာဖြစ်ပါတယ်။
လီဗာပူးနည်းပြကလော့ပ်ကလည်း ပရိသတ်တွေရဲ့လုပ်ရပ်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခု ရော်နယ်ဒိုကလည်း သူ့ရဲ့အင်စတာဂရမ်ကတဆင့် လီဗာပူးပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ လီဗာပူးပရိသတ်တွေ သူ့အတွက် သီချင်းဆို လက်ခုပ်တီးပေးနေတဲ့ ဗီဒီယိုကို ရော်နယ်ဒိုက တင်ခဲ့ပါတယ်။
အဲ့ဒီဗီဒီယိုအတွက် ကပ်ရှင်မှာတော့ ရော်နယ်ဒိုက “ကမ္ဘာတခုတည်း၊ အားကစားတခုတည်း၊ ကမ္ဘာလုံးဆိုင်ရာ မိသားစုတခုတည်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ် အန်ဖီးလ်ရေ။ ကျနော်နဲ့ကျနော့်မိသားစုက ခင်ဗျားတို့ရဲ့ လေးစားမှုနဲ့စာနာမှုကိုပြသခဲ့တဲ့ ဒီအခိုက်အတန့်ကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ လီဗာပူးနဲ့ပွဲအပြီး နောက်တနေ့မှာပဲ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည်ရောက်ရှိလာခဲ့ကာ အသင်းနဲ့ လေ့ကျင့်ခန်း အပြည့်အဝဆင်းခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်စနေမှာ အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့ဒီပွဲမှာတော့ ရော်နယ်ဒို ပြန်လည်ပါဝင်လာဖွယ်ရှိပါတယ်။