ဒီနေ့ည ကစားမယ့် လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ ပွဲမှာ ဧည့်သည်အသင်း အနိုင်ရဖို့ မမြင်ဘူးလို့ ဘောလုံးပွဲဝေဖန်သုံးသပ်သူ ဒန်နီမာဖီက ပြောဆိုလိုက်ပါတယ်။ လီဗာပူးလ်ကစားသမားဟောင်းတဦးလည်းဖြစ်တဲ့ မာဖီက ယူနိုက်တက်ရဲ့ ဒီရာသီ အဝေးကွင်းမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းက မကောင်းမွန်တာကို အဓိကအချက်အဖြစ်နဲ့ ထောက်ပြခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ နိုင်ပွဲရချင်ရင် ဘာလုပ်ရမလဲဆိုတာကိုလည်း မာဖီက အကြံပေးခဲ့ပါသေးတယ်။
လီဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲမှာ ၃ပွဲအထိ အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၆ မှတ်ကွာနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အဆင့် ၃ နေရာမှာရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်တနေရာကို ဆုပ်ကိုင်ထားနိုင်ပြီး အာဆင်နယ်၊ မန်စီးတီးတို့နဲ့ အမှတ်ထပ်မကွာဟသွားဖို့ ဒီပွဲကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပါတယ်။
မာဖီက "ဒီပွဲမှာ လီဗာပူးလ်က တနာရီကို မိုင် ၁၀၀ နှုန်းရှိတဲ့ အမြန်နှုန်းနဲ့ ပွဲကို စတင်မယ်လို့ ကျနော်ထင်တယ်၊ ယူနိုက်တက်တို့ အထိုင်မကျအောင် ကြိုးစားရမှာဖြစ်ပြီး ဒါကို ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ သူတို့ လုပ်ခဲ့သေးတယ်၊ ပြသနာက ပထမပိုင်း မိနစ် ၃၀ လောက်ရောက်ရင် သူတို့ အဲဒါကို မထိန်းနိုင်တော့တာပါ"
"လီဗာပူးလ်အနေနဲ့ ယူနိုက်တက်ကို မသက်မသာဖြစ်အောင် လုပ်နိုင်ဖို့ အရေးကြီးပါတယ်၊ ယူနိုက်တက်မှာ ပွဲကြီးကစားသမားတွေအများကြီးရှိနေပြီး ဒါကိုလည်း အဲဒီကစားသမားတွေက လုပ်ပြနိုင်ခဲ့ပြီးပါပြီ၊ ဒါကြောင့် သူတို့ကို ပွဲအေးဆေးကစားခွင့်မပေးဖို့လိုအပ်ပြီး ပထမပိုင်း မိနစ် ၂၀-၃၀ လောက်မှာ ဂိုးရအောင်သွင်းနိုင်မလား ကြည့်ရပါမယ်"
"လီဗာပူးလ်အတွက် စိုးရိမ်တာက သူတို့ ပထမဂိုးပေးလိုက်ရမှာကိုပဲ၊ ယူနိုက်တက်က အဲလိုလုပ်နိုင်တယ်ဆိုတိာကို မကြာခင်ကမှ ကျနော်မြင်တွေ့ခဲ့တယ်၊ သိပ်ကောင်းတဲ့ ပွဲစီမံခန့်ခွဲမှုပါ၊ ဂိုးစောစောရအောင် ကလော့ပ်မလုပ်နိုင်ရင်တော့ ကျနော်အံ့အားသင့်မိမယ်၊ ဂိုးရရင်တော့ အောင်ပွဲက သူတို့အတွက်ပါ၊ ယူနိုက်တက်က ဒီပွဲကိုမနိုင်လောက်ဘူး၊ သရေဖြစ်မယ်ထင်တယ်၊ သူတို့ရဲ့အဝေးကွင်း အသင်းကြီးတွေနဲ့ မှတ်တမ်းက သိပ်မကောင်းလှပါဘူး" လို့ ပြောသွားခဲ့ပါတယ်။