လီဗာပူးလ်တို့ ထွက်ရဖို့ သေချာသွားခဲ့ပါပြီ။

ရီးရဲလ်မက်ဒရစ်ကတော့ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာပဲ ပွဲကို အပြတ်ဖြတ်လိုက်ပါပြီ။ ၂-၅ နဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် လီဗာပူးလ်တို့ နောက်တဆင့်တကတ်နိုင်ဖို့ မျှော်လင့်ချက်တွေ နည်းပါးခဲ့ပြီဖြစ်ကာ ဒီရာသီမှာ ၁၆ သင်းအဆင့်ကနေပဲ လှည့်ပြန်ဖို့နီးစပ်ခဲ့ပြီဖြစ်ပြီး ယာဂင်ကလော့ပ်ရဲ့ ဟိုတယ်ဘွတ်ကင်လုပ်ထားဆိုတဲ့ စကားက ဟာသသက်သက်ဖြစ်လာခဲ့ပါတယ်။ 

ဒါဝင်နူနက်ဇ်ရဲ့ လှပတဲ့ နောက်ပေါက်ကန်ချက်၊ ကော်တွိုက်စ်ရဲ့ အမှားကနေ ဆာလာရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးလ်တို့ အိမ်ကွင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဗင်နီရှပ်က ပထမပိုင်းမှာပဲ အဆိုပါ ၂ ဂိုးစလုံးကို ချေပခဲ့ပါတယ်။ အယ်လစ်ဆန်ကလည်း အမှားကျူးလွန်မိခဲ့ပြီး သူ့ရဲ့ ကန်တင်ပေးပို့မှုက ရှေ့ကနေ ဝင်ကာခဲ့တဲ့ ဗင်နီရှပ်နဲ့ထိပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ 

ဒုတိယပိုင်းမှာတော့ ရီးရဲလ်က ပိုကောင်းတဲ့ အသင်းဖြစ်လာခဲ့ပြီး ပြစ်ဒဏ်ဘာကတဆင့် မီလီတာအိုက ခေါင်းဖြတ်တိုက်ခဲ့သလို ဘန်ဇီမာကလည်း ၂ ဂိုးဆက်တိုက်သွင်းယူခဲ့ပါတယ်။ လီဗာပူးလ်နဲ့တွေ့တိုင်း ဂိုးတွေသွင်းပြီး ရှုံးပွဲလည်းမရှိတဲ့အစဉ်အလာကို ဘန်ဇီမာက ဆက်ထိန်းနိုင်ခဲ့ပြီး ရီးရဲလ်တို့ နောက်တဆင့်ကို တက်ရောက်နိုင်စေဖို့ သေချာစေမယ့် ဂိုးတွေကို ရယူပေးခဲ့တာပါ။ 

ယာဂင်ကလော့ပ်ကတော့ သူ့အသင်းရှုံးပွဲအတွက် ကွင်းဘေးမှာ ကြေကွဲနေခဲ့ရပြီး ဘာမှမတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့တိုင်း ဖလား ၂လုံးလက်လွှတ်ခဲ့ရတဲ့အပြင် ရှုံးထွက်အဆင့်တွေကပါ လှည့်ပြန်ရတဲ့ သူ့ရဲ့ ကံကြမ္မာကိုလည်း မပြင်ဆင်နိုင်ခဲ့ဘဲ ရှိခဲ့ပါတယ်။ ရီးရဲလ်ကတော့ အဝေးကွင်းမှာ အသာစီးအခြေအနေကို အရယူနိုင်ခဲ့ကာ ဘာနေဗျူးမှာ စိတ်လွတ်ကိုယ်လွတ်ကစားနိုင်တော့မှာဖြစ်ပါတယ်။

၃ ဂိုးအထိ အသာရခဲ့တာမို့ အဝေးဂိုးစည်းမျဉ်းပယ်ဖျက်ထားပေမယ့်လည်း အိမ်ကွင်းမှာ ၄ ဂိုးပြတ်ရှုံးမှသာ ပြိုင်ပွဲကထွက်ရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံတို့ ကွာတားဖိုင်နယ်ကို ရောက်ပြီလို့တောင် ပြောလို့ရခဲ့ပါပြီ။


Share

Loading Next Article...
က္က