ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက အသင်းရဲ့ တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တယောက် လာမယ့် လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက် ပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ လာမယ့် မေ (၂၈) မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပဲရစ်မြို့မှာ ကစားကြမှာပါ။
ဂါရတ်ဘေးလ်ဟာ လီဗာပူးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လူစားဝင်လာပြီး အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပေးခဲ့ဖူးပါတယ်။ အဲ့ဒီပွဲမှာလည်း ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခု လာမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်ကစားနိုင်ခဲ့မယ်ဆိုရင် ဂါရတ်ဘေးလ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ (၅) ကြိမ် ကစားထားတဲ့ ရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မှီသွားမှာပါ။ ဒါ့အပြင် ကာဗာဟယ်လ်၊ ဘန်ဇီမာ၊ အစ္စကို၊ မိုဒရစ်၊ မာဆယ်လိုတို့ကလည်း ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရော်နယ်ဒိုရဲ့ စံချိန်ကို လိုက်မှီကြဦးမှာဖြစ်ပါတယ်။
ဒါပေမယ့် ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး (၁၄) ပွဲမှာ (၁၆) မိနစ်သာ ကစားနိုင်ခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဂါရတ်ဘေးလ်အနေနဲ့ မနေ့က ဘက်တစ်နဲ့ဂိုးမရှိသရေကျခဲ့တဲ့ လာလီဂါ ရာသီသိမ်းပွဲစဥ်မှာလည်း ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ပွဲကြည့်စင်ပေါ်ကနေသာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့ရပါတယ်။
ဒီလိုမျိုး ဂါရတ်ဘေးလ်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အန်ဆယ်လော့တီက “ဂါရတ်ဘေးလ်က နှုတ်ဆက်စကားပြောချင်နေပါတယ်။ ဒဏ်ရာအခြေအနေသာကောင်းခဲ့ရင် သူ ဘက်တစ်နဲ့ပွဲကို ဝင်ကစားဖြစ်မှာပါ။ ဒါပေမယ့် သူသာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားနိုင်ခဲ့ရင် နောက်ဆုံးတကြိမ် အခွင့်အရေးရရှိပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရိသတ်တွေဟာ အရင်တည်းက ဂါရတ်ဘေးလ်တယောက် လီဗာပူးနဲ့ပွဲအတွက် တရာသီလုံး အနားယူနေခဲ့တာလို့ လီဗာပူးကို လှောင်ပြောင်ခြောက်လှန့်ခဲ့ကြပါတယ်။ အခုတခါမှာတော့ အန်ဆယ်လော့တီရဲ့ ပြောစကားတွေကြောင့် ဂါရတ်ဘေးလ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပါဝင်နိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။