လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်တဲ့ ဟာဗီယာတီဘက်စ်က ဘာစီလိုနာ တိုက်စစ်ကစားသမားလေး အန်ဆုဖာတီက PSG တိုက်စစ်ကစားသမား အမ်ဘာပေထက် ပိုကောင်းတယ်လို့ အံ့အားသင့်ဖွယ် ဖွင့်ဟပြောကြားလိုက်ပါတယ်။ လာလီဂါဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရာမို့စ်၊ မက်ဆီတို့လို ကစားသမားတွေကို လက်လွှတ်ဆုံးရှုံးလိုက်ရတာကြောင့် လက်ရှိအချိန်မှာ ပရိသတ်စိတ်ဝင်စားမှု လျော့ကျနေတာပါ။
တီဘက်စ်ကတော့ လက်ရှိရာသီအစောပိုင်းမှာ သူတို့အနေနဲ့ နာမည်ကျော်ကစားသမားတွေမရှိသည့်တိုင် လိဂ်မှာရှိပြီးသား လူငယ်ကစားသမားတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်သေးတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ရီးရဲယ်မက်ဒရစ်ရော၊ ဘာစီလိုနာရော ပရိသတ်အားပေးမှု သိသိသာသာ ကျဆင်းလာခဲ့ပြီး ပြီးခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲကလည်း အရင်လောက် လူစိတ်ဝင်စားမှုမရှိတော့ပါဘူး။
ဒါပေမယ့်လည်း တီဘက်စ်ကတော့ သူ့ရဲ့လေသံကို အလျှော့မပေးဘဲ အခုလိုပဲ အမ်ဘာပေနဲ့ အန်ဆုဖာတီတို့နှစ်ယောက်ကို နှိုင်းယှဥ်လာခဲ့တာပါ။ ဟာဗီယာတီဘက်စ်က “အန်ဆုဖာတီက အမ်ဘာပေထက် ပိုကောင်းတဲ့ ကစားသမားပါ။ ဒါမှမဟုတ်လည်း အန်ဆုဖာတီက အနည်းဆုံး အမ်ဘာပေနဲ့ တန်းတူအဆင့်အတန်းမှာရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
သူ့ရဲ့ပြောစကားကတော့ ဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်စရာပါပဲ။ အန်ဆုဖာတီဟာ မက်ဆီထွက်ခွာသွားတဲ့နောက် လစ်လပ်နေတဲ့ ကျောနံပါတ် (၁၀) ကို ဆက်ခံထားပေမယ့် ဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရဆဲပါ။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ဆဲလ်တာဗီဂိုနဲ့ တစ်ဖက်သုံးဂိုးစီ သရေပွဲမှာလည်း ဒဏ်ရာထပ်မံရရှိခဲ့ပါတယ်။
လက်ရှိဘောလုံးရာသီမှာ ရီးရဲယ်မက်ဒရစ်အတွက် ဗင်နီစီယက်စ်ကလည်း အကောင်းဆုံးခြေစွမ်းပြနေပြီး သူ့ရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးက အမ်ဘာပေရဲ့ ဒီရာသီပြိုင်ပွဲစုံသွင်းဂိုးထက် ပိုမိုများပြားနေတာကို ထောက်ပြကာ ပရိသတ်တွေက နောက်ပြောင်ခဲ့ဖူးပါသေးတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိလာလီဂါ ပုံရိပ်ကျဆင်းနေတာက လက်ခံရမယ့်အချက်ဖြစ်ပြီး ရီးရဲယ်မက်ဒရစ်ကတော့ လာမယ့်အပြောင်းအရွှေ့တွေမှာ အမ်ဘာပေ၊ ဟာလန်းတို့လို ကြယ်ပွင့်တွေကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။