အန်တိုနီကတော့ ပြိုင်ဘက်တွေကို လှည့်စားရာမှာ နည်းလမ်းတခုတည်းပဲ တတ်တယ်လို့ ဝေဖန်ခံနေရတာပါ။

မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဂျက် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်အတွက် ၁ဂိုးသွင်း၊ ၁ဂိုးဖန်တီးခဲ့ကာ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ အနိုင် ၃ မှတ်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ပျောက်နေတာကြာပြီဖြစ်တဲ့ အန်တိုနီက အောက်တိုဘာလနောက်ပိုင်း ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပြီး သူ့ခြေစွမ်းကို တန်ဟက်ဂျ်က တော်တော်လေးကျေနပ်အားရနေပုံရပါတယ်။ အန်တိုနီကို နာမည်ကျော်ဟော်လန်တောင်ပံကစားသမားဟောင်း ရော်ဘင်နဲ့လည်း ခိုင်းနှိုင်းခဲ့ကာ ညာခြေကိုပါ အသုံးပြုနိုင်ရင် ဒီထက်မက ပိုကောင်းလာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ 

"အန်တိုနီက သူ့ညာခြေကိုလည်း အသုံးချနိုင်ပါတယ်၊ ဒီထက်ပိုပြီးတော့ သူ လုပ်ရမှာပါ၊ သူက ဧရိယာအပြင်ဘက်ကိုလည်း ထွက်နိုင်သလို အတွင်းထဲကိုလည်း ဝင်နိုင်တယ်၊ အတွင်းဘက်မှာဆိုရင် သူ ကစားတာပိုပြီးတော့ ကောင်းပါတယ်၊ အာဂျန်ရော်ဘင်၊ အန်တိုနီက လှည့်ကွက်တခုပဲ လုပ်နိုင်တယ်လို့ သူတို့ကတော့ ပြောနေကြတာပဲ
"


"ဒါပေမယ့် အဲဒီလှည့်ကွက်လေးတခုကိုက အရမ်းကောင်းမွန်ပြီး ဘယ်သူတဦးတယောက်မှ သူ့ကို မတားဆီးနိုင်ပါဘူး၊ သူသာ နည်းလမ်း ၂ ခုလုံးကို အသုံးပြုနိုင်မယ်ဆိုရင် ပိုပြီးတော့ ကွဲပြားတဲ့၊ အပြောင်းအလဲတွေကို မြင်တွေ့ရမှာပါ" လို့ တန်ဟက်ဂျ်က ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ 

ယူနိုက်တက်ကတော့ ဒီပွဲကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၃ နေရာကို ပြန်ရောက်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်။ လာမယ့်ပွဲအဖြစ် သူတို့ဟာ ဆီဗီလာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ကို စပိန်မြေမှာ ကစားရဖို့ရှိပါတယ်။ 


Share

Loading Next Article...
က္က