ပေါင်သန်း ၅၀ အထိ စျေးဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတဲ့ အန်တိုနီအတွက် အေဂျက်ဇ်ဘက်က ပေါင်သန်း ၅၀ ကျော်အထိ စျေးသတ်မှတ်ထားတယ်လို့ Mirror သတင်းထောက် Simon Mullock က ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်တာဝန်ရှိသူတွေဟာ အမ်စတာဒမ်ကိုရောက်ရှိနေပြီး အန်တိုနီအပြောင်းအရွှေ့အတွက် ဆောင်ရွက်နေတယ်လို့ သတင်းတွေထွက်လာအပြီးမှာ ပြောဆိုလိုက်တာပါ။ 

ဘရာဇီးလ်တောင်ပံကစားသမားဟာ အသက် ၂၂ နှစ်အရွယ်သာရှိသေးပြီး အေဂျက်ဇ်နဲ့ ၂၀၂၅ အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ ဒီအတွက် ကလပ်အသင်းဘက်က သူ့ကိုအလောသုံးဆယ်ထုတ်ရောင်းစရာမလိုတာက အားသာချက်အဖြစ်ရှိနေပြီး သူတို့လိုချင်တဲ့ ငွေကြေးပမာဏကို ပြောဆိုပြီး ပေးချေနိုင်ရင် ခေါ်ယူနိုင်တယ်ဆိုတဲ့ သဘောကိုဆောင်နေပါတယ်။ 

လက်ရှိစျေးကွက်အတွင်းမှာ ကစားသမားသစ်တဦးမှမခေါ်ယူနိုင်သေးဘဲ ကမ်းလှမ်းညှိနှိုင်းမှုတွေသာ ရှိနေတဲ့ ယူနိုက်တက်အတွက်တော့ ဒါက စိတ်ပျက်စရာလည်းဖြစ်လာခဲ့ရပါတယ်။ ညာတောင်ပံအတွက် နည်းပြတန်ဟက်ဂျ်က ကစားသမားတဦးအလိုရှိနေရာမှာ သူ့ရဲ့တပည့်ဟောင်းကို ခေါ်ယူချင်နေတာဖြစ်ပြီး အေဂျက်ဇ်ဘက်က တန်ဖိုးသတ်မှတ်မှုက အပြောင်းအရွှေ့ကို ပျက်ပြယ်စေနိုင်တဲ့အထိ ဖြစ်လာဖွယ်ရာရှိနေပါတယ်။ 

အန်တိုနီကတော့ ညာတောင်ပံမှာကစားပြီး အတွင်းကိုချိုးဝင်ကာ သူအားသန်တဲ့ ဘယ်ခြေကန်ချက်တွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်အသင်းရဲ့ ညာခြမ်းဘက်က ဖြတ်တင်ဘောတွေက ညံ့ဖျင်းအားနည်းနေခဲ့တာ သိသာထင်ရှားနေခဲ့ပြီးနောက် တန်ဟက်ဂျ်က အဆိုပါနေရာကို သေချာပေါက်အားဖြည့်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ရာသီမှာ အေဂျက်ဇ်အတွက် သွင်းဂိုးနဲ့ဖန်တီးမှုအများအပြား ပြုလုပ်ပေးနိုင်တဲ့ အန်တိုနီကို ယူနိုက်တက်က ခေါ်ယူနိုင်လိမ့်မယ်လို့ အင်္ဂလန်သတင်းဌာနတချို့က ရေးသားနေကြပေမယ့် လက်ရှိအချိန်ထိတော့ ဆွေးနွေးဆဲအဆင့်မှာသာရှိနေတာပါ။ 

Share

က္က